CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁၁

ရုရှား၏ ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် စည် ၅၀၀၀၀၀(ငါးသိန်း) သို့မဟုတ် ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းကို မတ်လမှ စတင်လျှော့ချသွားမည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ခ် (Alexander Novak) က ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ရုရှားသည် ဆော်ဒီပြီးနောက် ကမ္ဘာ့ ဒုတိယအကြီးမားဆုံး ရေနံတင်ပို့သူဖြစ်ကာ ထုတ်လုပ်မှု လျှော့ချမည့် သတင်း ကြောင့် Brent ရေနံဈေးကွက်တွင် ရေနံတစ်စည်လျှင် ၈၆ ဒသမ ၆ ဒေါ်လာထိ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျော်မြင့် တက်သွားသည်။

ယနေ့တွင် ထုတ်လုပ်ထားသော ရေနံပမာဏအားလုံးကို ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ပြောခဲ့သည့် အတက် ဈေးနှုန်း သတ်မှတ်ခြင်း (price cap) နည်းလမ်းများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ကျင့်သုံးသူများဆီ ရေနံ လုံးဝရောင်းချတော့မည် မဟုတ်ဟု နိုဗက်ခ်က ကြေညာချက် တစ်စောင် ထုတ်ပြန်ပြောကြားခဲ့သည်။

 ရေနံပိုက်လိုင်းကိုတွေ့ရစဉ်(GETTY IMAGES)

ထို့ကြောင့် လာမယ့် မတ်လတွင် ရုရှားသည် ကိုယ်ပိုင် သဘောထားဖြင့် ရေနံထုတ်လုပ်မှုကို စည် ၅၀၀၀၀၀ လျှော့ချသွားမည်ဖြစ်ကာ ယင်းက ဈေးကွက် အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ၎င်းက ပြောသည်။

ရေနံထုတ်လုပ်မှုကို လျှော့ချခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အား OPEC + ရေနံထုတ်လုပ်သူများ အဖွဲ့ဝင် တစ်ချို့နှင့် ပြောဆိုဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု ရုရှားအစိုးရက သောကြာနေ့တွင် ပြောသည်။

ထုတ်လုပ်မှုကို ၎င်းတို့သဘောဆန္ဒဖြင့် လျှော့ချမည်ဖြစ်ခြင်းကြောင့် ထိုကိစ္စအပေါ် မည်သည့် တရားဝင် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်ရခြင်း မရှိသေးဟု ရုရှားဘက်က နောက်ပိုင်းတွင် ပြောခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် ဆောင်ရွက်ချက်မှ လုပ်ဆောင်သွားရန် အစီအစဉ်မရှိဟု OPEC + နိုင်ငံနှစ်ခုက ပြောသည်။

ရေနံမှ ရရှိသော ဝင်ငွေကို ကန့်သတ်ရန် ကြိုးပမ်းမှုအဖြစ် အနောက်အုပ်စုက ချမှတ်သော ကန့်သတ်ချက်များ အောက်တွင် ရှိနေသည့် ရုရှားနိုင်ငံအတွက် ထုတ်လုပ်မှုလျှော့ချခြင်းက ဈေးနှုန်းသတ်မှတ်ခြင်းသည် ရုရှား၏ ရေနံထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိသည်ကို ဖော်ပြနေသည်။

ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ခ်ကိုတွေ့ရစဉ်(GETTY IMAGES)

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုနှင့် ပတ်သက်၍ ပိတ်ဆို့ အရေးယူမှု တစ်စိတ်တစ်ပိုင်းအဖြစ် တစ်စည်လျှင် ဒေါ်လာ ၆၀ ကျော် ဈေးပေါက်သော ရေကြောင်းမှလာသည့် ရုရှားရေနံများအတွက် အနောက်အုပ်စုမှ ထောက်ပံ့ သည့် ရေကြောင်း အာမခံ၊ ငွေကြေးနှင့် ကြားဝင် ဆောင်ရွက်ပေးမှု စသည်တို့ကို ဒီဇင်ဘာ ၅ ရက်မှ စတင်ကာ ပိတ်ပင်သွားရန် G7၊ အီးယူနှင့် သြစတြေးလျတို့က သဘောတူခဲ့သည်။

အီးယူအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ ရုရှားရေနံထွက် ပစ္စည်းများ ရောင်းချခြင်းကို ပိတ်ပင်ခြင်း၊ ဈေးနှုန်း သတ်မှတ်မှုကို ကျင့်သုံးခြင်း စသည်တို့ကို ချမှတ်ခဲ့သည်။

အပြန်အလှန်အနေဖြင့် ရုရှားဘက်ကလည်း ဈေးနှုန်းသတ်မှတ်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် သဘောတူညီ ချက်များကို ပိတ်ပင်ခဲ့သည်။

Source: Reuters