CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃

သုံးနှစ်နီးပါးကြာ ပိတ်ထားခဲ့သည့် မူဆယ်မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဇန်နဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက တရားဝင် စာထုတ် လာကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလဆန်းပိုင်းတွင် မူဆယ်ရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံဘက်က စတင်၍ ပိတ်ထားခဲ့ရာမှ လာမည့် ဇန်နဝါရီ ၈ ရက်နေ့ တွင် ပြန်လည် ဖွင့်ပေးတော့မည် ဖြစ်သည်ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာနယ်စပ်ဂိတ်ကိုတွေ့ရစဉ်

၎င်းက “တရုတ်နိုင်ငံက တရားဝင် စာထွက်လာပြီ မနေ့က Date နဲ့။ ဇန်နဝါရီ ၂ ရက် Date နဲ့ ဇန်နဝါရီ ၈ ရက်နေ့ကစပြီးတော့ တရုတ် - မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် - ဂျယ်ဂေါင် နယ်စပ်ဂိတ်ဖြစ်တဲ့ မန့်ဝိန်း၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ် ဒီဂိတ်တွေကို ဇန်နဝါရီ ၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ကနေပြီးတော့ စတင်ဖွင့်လှစ်လိုက်ပါပြီတဲ့။ နေ့စဉ် ဒေသစံတော်ချိန် နံနက် ၈ နာရီ ကနေပြီးတော့ ည ၁၁ နာရီခွဲအထိ ဂိတ်ကို ဖွင့်လှစ်ပေးပါမယ်ဆိုပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေထံကို သူတို့ကနေ ပြီး တော့ တရားဝင် စာထွက်ပေးလိုက်တယ်။ တရုတ်စာနဲ့ ရုံးတံဆိပ် နှိပ်ပြီးတော့။ ဒါ့ကြောင့် ဘာပဲပြော ပြော ဇန်နဝါရီ ၈ ရက်နေ့ဆိုရင်တော့ စောစောကပြောတဲ့ ဂိတ်တွေ ဖွင့်လှစ်လိုက်ပါပြီ” ဟု ပြောသည်။

နယ်စပ်ဂိတ်ဖွင့်ပြီး တရားဝင် ကုန်သွယ်ခွင့်နှင့် လူဝင်လူထွက်ခွင့်ကို ခွင့်ပြုပေးခဲ့သော်လည်း ကိုဗစ် စည်းကမ်းချက်များနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည်ကို ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လိုက်ပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်စည်းကမ်းချက်များ ဖြေလျှော့ပေးမည်ဆိုပါက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ကိုဗစ် မဖြစ်ခင် အခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိနိုင်ကြောင်း ဦးမင်းသိန်းက ပြောသည်။

တရုတ်-မြန်မာနယ်စပ်ဂိတ်ကိုတွေ့ရစဉ်

၎င်းက “တဖြည်းဖြည်းတော့ ကိုဗစ်မဖြစ်ခင် အချိန်ကို ပြန်ရောက်သွားမယ်။ ကန့်သတ်မှုတွေ ဘာတွေ လျှော့လိုက်မယ်ဆိုရင်တော့။ ရုတ်တရက်ကြီးတော့ ပြန်မရောက်သေးဘူး။ ၄/၅/၆ လ အတွင်းဆိုရင် တော့ တရုတ်ကလည်း တင်းကြပ်တဲ့ စည်းကမ်းချက်တွေ မချမှတ်ဘူး၊ ယခင်လိုပဲ လူဝင်လူထွက်လည်း ရမယ်၊ ကုန်ကား အဝင်အထွက်လည်း ရမယ်၊ ဆိုင်ကယ် အဝင်အထွက်လည်း ရမယ်၊ ထော်လာဂျီကအစ အဝင်အထွက်ရမယ်ဆိုရင် အရင်ကိုဗစ်မဖြစ်ခင် ၂၀၂၀ အစောပိုင်းပုံစံမျိုး ပြန်ရောက်သွားနိုင်တယ်။ ရုတ်တရက်ကြီးတော့ မဖြစ်နိုင်သေးဘူး အနည်းဆုံး ၄/၅/၆ လလောက် အချိန်ယူရမယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။

လက်ရှိ ပြန်လည် ဖွင့်လှစ်ပေးလိုက်သည့် ဂိတ်တွင် တရုတ် - မြန်မာ နယ်စပ်ဂိတ်၌ ကုန်သွယ်မှု အများ ဆုံးနှင့် နေ့စဉ်ကုန်တင်ကား အစီးရေ ၅၀၀ ဝင်ထွက်နေသည့် မန့်ဝိန်းဂိတ် ပါဝင်နေသည့်အတွက် ကုန် သွယ်ရေး ပိုမိုကောင်းမွန်လာနိုင်သလို ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ရရှိလာမည် ဖြစ်သည်။

ထို့နောက် လက်ရှိတွင် တရုတ်နှစ်သစ်ကူး ကာလ နီးကပ်လာပြီ ဖြစ်သည့်အတွက် ဈေးကွက်ပျက်လု နီးပါး ဖြစ်နေသည့် ဖရဲဈေးကွက်လည်း အရောင်းအဝယ်များ ပြန်လည်ဖြစ်နေသည်ဟု သိရသည်။