CNI Interview

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် တပ်မတော်ကြား စစ်ရေးတင်းမာနေကြသည်။ ထိုသို့ စစ်ရေး တင်းမာနေစဉ် ကာလအတွင်းမှာပဲ တစ်ဖက်မှာ တပ်မတော်ထိပ်သီး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် SSPP ၏ ဒုဥက္ကဋ္ဌ(၁)လည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ သြဂုတ် ၄ ရက်နေ့က တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြသည်။

တပြိုင်တည်းမှာပဲ ပြည်တွင်းမှာ နစကဘက်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို သေဒဏ် စီရင်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်တွင်း/ပြည်ပ ကန့်ကွက် ရှုတ်ချမှုများဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်း ရေးမှူး စိုင်းလိတ်ကို CNI က ဆက်သွယ်မေးမြန်းထားပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့  SSPP မှ ဒုဥက္ကဋ္ဌ(၁) စ၀်ခေးတိုင်းကိုတွေ့ရစဉ် 

မေး ။ ။ ဒီ မိုင်းရှူးဘက်မှာ SSPP တပ်ကနေဆုတ်ခိုင်းတဲ့ကိစ္စလေ ဘယ်လိုမျိုး လုပ်ဆောင်ရင် အဆင်ပြေ ကြမလဲပေါ့၊ အန်ကယ်စိုင်းလိတ်ရဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ ။ ။ မိုင်းရှူးထဲမှာ ဖြစ်နေတဲ့ကိစ္စက အခုမှဖြစ်တာတော့ မဟုတ်ဘူးပေါ့နော်။ ဇွန်လလောက်တည်းက စဖြစ်တဲ့ကိစ္စ။ အဓိကကတော့ ကျနော်ထင်တာ မမှားဘူးဆိုရင် မြန်မာစစ်တပ်အနေနဲ့ SSPP နဲ့ ‘ဝ’ရဲ့ ဆက်ဆံရေး အခြေအနေကို မရှုစိမ့် ဖြစ်နေတာပေါ့ဗျာ။

အဓိကအားဖြင့်တော့ UWSA နဲ့ SSPP တပ်တွေ ပေါင်းပြီးတော့မှ ရှမ်းပြည်နယ်တောင်ပိုင်း နောက် ပင်လုံတကြော ပေါ့နော်၊ ပင်လုံစလင်းတောင်ရဲ့ဒီအနောက်ဘက် ဆိုလို့ရှိရင်လည်း ဖာလိုင်းတို့၊ နောက် မိုင်းပြင်းတို့ ရှိတယ်။ အဲ့ဒီ နယ်ကနေ ဆက်စပ် သွားမယ်ဆိုလို့ရှိရင် ကျောက်ဂူနဲ့ အင်တော ရောက်မယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကိုတွေ့ရစဉ်

အဲ့ ကျောက်ဂူ၊ အင်တောဆိုတာက ရပ်စောက်နယ် ရောက်သွားပြီဗျ။ အဲ့တော့ သူတိုရဲ့ လုံခြုံရေးစည်းနဲ့ တအား ကပ်လာတဲ့ ခါကျတော့ အဲ့တာတွေ စိုးရိမ်ပြီးတော့ ဟိုဘက် မိုင်းရှူးက တပ်စခန်း ၃ ခုကို ရွှေ့ခိုင်းတာလို့ ဒီလိုပဲ နားလည်တယ်။ နောက်ဆုံး ကျရင်တော့ ဟိုးဘက် တပ်စခန်း ၃ ခု မရွှေ့လည်းပဲ ဒီပင်လုံ အနောက်ခြမ်းပေါ့နော် စလင်းတောင်ကြော တဝိုက်မှာရှိတဲ့ တပ်စခန်းတွေ ရုပ်သိမ်းသွားမယ်ဆိုရင်တော့လည်း မြန်မာစပ်တပ်ဘက်က ပြီးပြေ(ပြေလည်)သွားနိုင်လောက်တယ်လို့တော့ တွက်ပါတယ်ဗျ။

မေး ။ ။ ဟုတ်ကဲ့ပါ။ စစ်တပ်ဘက်ကတော့ သူက ဒီနှစ်ကသူတို့ရဲ့ ငြိမ်းချမ်းရေး နှစ်ဆိုပြီးတော့ ပြောတာပေါ့ လေ။ အခုဒုတိယအကြိမ် လာပြန်တော့မယ်ပေါ့။ ဆိုတော့ စစ်တပ်ဘက်ကရော ဒီကိစ္စတွေ ဘာတွေ ဖြေလျှော့သင့် သလဲပေါ့။

ဖြေ ။ ။ စစ်တပ်ဘက်က ငြိမ်းချမ်းရေးနှစ်လို့သာ ပြောထားတာ။ သူ့ကို တော်လှန်ခုခံနေတဲ့ အဖွဲ့အစည်းတွေ နဲ့ ပတ်သက်လို့လည်း သူ့မှာ ငြိမ်းချမ်းလိုတဲ့ ဆန္ဒတွေ မပြဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှု တွေလည်း မရှိဘူးပေါ့နော်။

ဘယ်အဖွဲကိုတော့ဖြင့် လုံးဝမဆွေးနွေးဘူး၊ ဘယ်အဖွဲ့ကိုတော့ ငြိမ်းချမ်းရေး မလုပ်ဘူးဆိုတာမျိုးကလည်း ပြောထားဆိုထားတာ ရှိတယ်။ နောက် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လည်းပဲ သူ့ရဲ့ ရပ်တည် ချက်က မူက မှန်မနေဘူးဗျ။ အဲ့တော့ ခေါ်တွေ့တယ်။
တစ်ဖက်ရဲ့ ပြောဆိုဆွေးနွေးမှုတွေကို အလေးမထားဘူး။ သူတို့ဖြစ်ချင်တဲ့ ကိစ္စကိုပဲ ဇောင်းပေးပြီး ပြောတယ်။

Media မှာလည်းပဲ မဟုတ်တန်းတရားတွေ ပြောတာပေါ့ဗျာ။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြောတဲ့စကား မဟုတ်ဘဲနဲ့လည်း သူက ထုတ်ဖော်ပြောကြားတာတွေ ရှိတယ်။ ဥပမာ ၂၀၂၃ ရွေးကောက်ပွဲကို ထောက်ခံပါတယ် ဆိုတာမျိုးပေါ့နော်။ တကယ်တော့ အဲ့လို ဆွေးနွေးချက်မျိုးက ရှိကောင်းမှ ရှိခဲ့မယ်ပေါ့နော်။ ဆိုတော့ မှန်မှန်ကန် ကန် ရပ်တည် မနေဘူးဆိုတာကို ပြတယ်ပေါ့ဗျာ စစ်တပ်ဘက်က။

နောက် သူ့အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုလို့ရှိရင် စိတ်ရင်းစေတနာမှန်နဲ့ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲတာမျိုးကို လုပ်သင့်တယ် လုပ်နိုင်ရမယ်။ နောက်ဆုံးတစ်ခု ဒီအာဆီယံ သဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီးတော့မှလည်း သူ့အနေနဲ့ အတိအကျ လိုက်နာတာမျိုးက ရှိမနေဘူးလို့ ကျနော်တို့ သုံးသပ် တယ်။ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ရှိရင် လက်နက်ကိုင် EAO ပေါ့နော်၊ လက်နက်ကိုင် တိုင်းရင်း သားတွေနဲ့ ပတ်သက်လို့ရှိရင် သူ့မှာ ရိုးသားမှန်ကန်တဲ့ သဘောဆန္ဒတွေ ရှိမနေတဲ့ အတွက်ကြောင့်မို့လို့လည်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ဆိုတာ ဖြစ်နိုင်စရာ မရှိဘူးလို့ပဲ မြင်ပါတယ်ဗျ။

မေး ။ ။ ဒီ ၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်တယ်၊ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင် တော့ NUG၊ PDF တို့ကို သူအကြမ်းဖက်အဖြစ် ကြေညာထားတာပေါ့လေ၊ ဒီဟာတွေရော ဖြေလျှော့သင့်လားပေါ့။ သူက လက်ရှိမှာ PDF တွေနဲ့လည်း အများဆုံး ဖြစ်နေတာဆိုတော့လေ။

ဖြေ ။ ။ သူ့မှာ ဖြေလျှော့ရမယ်ဆိုတာတော့ လုံးဝမှန်ပါတယ်ဗျ။ PDF နဲ့ပတ်သက်လို့ ပဲဖြစ်ဖြစ် NUG နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ရိုးသား မှန်ကန် စွာနဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကနေပြီးတော့မှ ကြားဝင်ပြီး သက်သေထား ပြီးတော့မှ အမှန်တကယ် ရိုးရိုးသားသားနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းသင့် တယ်ပေါ့ဗျာ။
အဲ့အနေအထားမျိုး မဟုတ် ဘဲနဲ့ လူထုကို ရန်သူလို သဘောထားပြီး ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ၊ တရားမဲ့ ပြုကျင့်တာတွေ နောက်ဆုံး ဒါနိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ချမှတ်တာတွေ အဲ့ဒါတွေကို မလျှော့ပဲနဲ့ အဲ့တာတွေကို ပြန်ပြီး တောင်းပန်ခြင်း မပြုဘဲနဲ့ဆိုရင်တော့ နှစ်ဖက် ပြန်ပြီး ကျေအေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူးခင်ဗျ။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်


မေး ။ ။ ဟုတ်ကဲ့။ သူက အခုပေါ့လေ ဒီသေဒဏ်ချလိုက်တဲ့ဟာလည်း ဒီနိုင်ငံရေးသမားတွေ ဖြစ်နေတယ် ပေါ့လေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဆိုတော့။ သူဒီလို လုပ်လိုက်တော့ လက်ရှိ သူတို့ လုပ်ဆောင် နေတဲ့ငြိမ်းချမ်းရေးကိစ္စတွေ၊ ဒီနိုင်ငံရေးကိစ္စတွေကရော ပိုပြီးတော့ မီးစထိုးသလို မဖြစ်သွားဘူးလားပေါ့။ တစ်ဖက်နဲ့ တစ်ဖက် အမုန်းတွေ မပွားသွားဘူးလားပေါ့။

ဖြေ ။ ။ ရှင်းရှင်းပြောရင် ရှိနေတဲ့ မျှော်လင့်ချက်ကို သူရိုက်ချိုး ပစ်လိုက်တယ်လို့ပဲ မြင်တယ်။ တစ်လော လေးက ကမ္ဘောဒီးယားက အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် သူတို့အနေနဲ့ လမ်းစတွေ့ပြီပေါ့နော်။ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒီဘက်က မီးစိမ်းပြပြီဆို တာမျိုး ကြားရတော့ တော်တော်များများကတော့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ အနည်းအကျဉ်း ပေါ်လာနိုင် လောက်တယ်ပေါ့နော်။

အဲ့လိုမျိုး မျှော်လင့်ချက်ကို သူက ဒီသေဒဏ်ပေးတဲ့ ကိစ္စနဲ့ ရိုက်ချိုးပစ်လိုက်ပြီဗျ။ အဲ့ဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ ဒါမှမဟုတ် နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့ အလားအလာ လုံးဝ ပျောက်သလောက် ဖြစ်သွားပြီ။ အနည်းဆုံး ၂ နှစ် ၃ နှစ်ကတော့ ဒီဒဏ်ရာကို ဆက်ပြီး ကုစားနေရဦးမယ်လို့ပဲ မြင်တယ်ဗျ။

မေး ။ ။ ဒီ စစ်တပ် အနေနဲ့ပေါ့လေ၊ သံတမန်ရေးရာအပေါ်မှာ သူကဘယ်လို သဘောထားလဲပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗြိတိန်သံအမတ်ကို ထုတ်လိုက်တာတို့ ရှိတယ်ပေါ့လေ။ ဆိုတော့ သူက တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး မလုပ်ဘဲနဲ့ ဒီလုံခြုံရေးအရ စစ်ရေးအရကျတော့ ရုရှားကို ပေါင်းပြီးတော့နောက် စီးပွားရေးအရ ကျတော့ တရုတ်ကိုပေါင်း ဒီနှစ်နိုင်ငံတည်းပဲ ဆက်ဆံနိုင်လား တံခါးပိတ်ဝါဒ ပုံစံပေါ့လေ။

ဖြေ ။ ။ သူ့အနေနဲ့ အားကိုးအားထားဆိုလို့ တရုတ်နဲ့ ရုရှားပဲ ရှိတာပေါ့နော်။ နောက်တရုတ်နဲ့ ရုရှားကြားထဲ မှာတောင်မှ သူက အကန့်လေးတွေ ခွဲပြီးတော့မှ ဆက်ဆံနေတဲ့ သဘောမျိုး တွေ့တယ်။ စီးပွားရေးနဲ့ ပတ်သက်ရင် တော့ ဆရာပြောသလိုပေါ့၊ တရုတ်နဲ့မကင်းရာ မကင်းကြောင်း လုပ်နေရတယ်။ လက်နက် ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး သူလိုအပ်တဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ရုရှားကိုပိုပြီး အားကိုးလာတာ တွေ့တယ်။

ဒါပေမယ့် အဲ့ဒါကလည်း ရေရှည်သွားလို့ ရမယ်မထင်ဘူး။ သူ့မှာ အရန်ငွေကြေးတွေ မရှိတော့ဘူး။ နိုင်ငံခြားငွေ မရှိတော့တဲ့ အခါကျတော့ ဒီကိစ္စတွေကလည်း ရေရှည်သွားနိုင်စရာ မရှိဘူး။ အစက သူတို့ အာဏာစသိမ်းတုန်းက ပြောသလို နိုင်ငံ အနည်းအကျဉ်းနဲ့ပဲ ဆက်ဆံရေး လုပ်သွားရင် ရမယ်ပေါ့။

အဲ့ဒါက ၁၉၈၈-၁၉၈၉ လောက်မှာ နဝတက ကျင့်သုံးခဲ့တဲ့ပုံစံကို ပြန်ပြီးတော့မှ မိတ္တူကူးတယ်လို့ မြင်တယ်။ ဒါပေမယ့် အဲ့တုန်းက အခြေအနေက ဒီနေ့လို့မျိုး မဟုတ်ဘူး။ ဟိုတုန်းက ဒီမိုကရေစီအတွက်ပဲ ပြောနေကြတဲ့ အချိန်၊ အခုကျတော့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ တော်လှန်ရေးကာလ ဖြစ်တယ်။ အခြေအနေချင်းက တူမနေတော့ဘူး။

အဲ့ဒါကြောင့်မလို့ သူ့ရဲ့ ကိုင်တွယ် ပုံနည်း စနစ်က အဟောင်းအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ နိုင်ငံအနေနဲ့ ပျက်သုဉ်းဖို့ပဲ ရှိတယ်။ သူတိုအနေနဲ့ ဒီထက်ဆိုးဝါးတဲ့ ဒုက္ခတွေ ခံရဖိုပဲရှိတယ်။ သူ့အတွက်လည်းပဲ ရေရှည် ဘယ်လိုမှ ကောင်းနိုင်စရာမရှိဘူးလို့ မြင်ပါတယ်ဗျ။


မေး ။ ။ ဒီ စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး နောက် သူကျင်းပမယ့် ရွေးကောက်ပွဲတွေက သူ့အတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လားဗျ။

ဖြေ ။ ။ အဲ့ဒါက ကံသေ ကံမ ပြောလို့ မရဘူးလို့မြင်တယ်။ လက်ရှိ ပြည်သူ့ဘက်ကနေ ခုခံတော်လှန်နေတဲ့ PDF အများစုက အဲ့ဒီ ရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စမျိုးလောက်ကို လက်သင့်ခံနိုင်တဲ့ အနေအထား မဟုတ်တော့ဘူး။ အဲ့ဒီထက်ကို ပိုပြီးတော့မှ မြင့်မြင့်မားမား မျှော်လင့်ထားနေကြပြီဗျ။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ပြီးတော့မှ ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်ပြရုံနဲ့တော့ သူ့အတွက် ထွက်ပေါက်ဖြစ်စရာ မရှိဘူးလို့ မြင်ပါတယ်။

မေး ။ ။ ခုန SSPP ကိစ္စ ပြန်ပြောရရင်တော့ ဒီ SSPP ဆိုတာတော့ ရှမ်းစစ်တပ် တစ်ခုပေါ့လေ။ ရှမ်းပြည်မှာ ရှိနေတဲ့ ရှမ်းတပ်ကို ဟိုမှာမနေနဲ့ ဒီမှာနေဆိုတော့ ရှမ်းလူထုအနေနဲ့ရော ဘယ်လိုမျိုးတွေ မြင်လာနိုင်လဲပေါ့။ ဒီကိစ္စတွေ ကျတော့။

ဖြေ ။ ။ တကယ်တမ်း လူထုအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တဲ့ အနေအထားရှိမယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိမယ်ဆိုလို့ရှိရင် သူ့ပြည်နယ်မှာ သူ့စစ်တပ်ပဲ ရှိစေချင်မှာပေါ့ဗျာ။ တခြားဘာမှမဆိုင်တဲ့ စစ်တပ်တွေ လာတာက ဘာမှ အကျိုးရှိမနေဘူးလေ။
နှစ်ပေါင်း ၄,၅,၆၀ ကြုံတွေ့ခဲ့ရပြီးပြီပဲ။ တခြား ပြည်နယ်ကလာတဲ့ တခြားတိုင်းဒေသကလာတဲ့ စစ်တပ်ဟာ သူ့ ပြည်နယ်အတွက် အကျိုးတစ်စုံတစ်ရာ ဘာမှ လုပ်မပေးသွားဘူးဆိုတာ အားလုံးက သိနေတာပဲ။ ဆိုတော့ သူ့ လည်း ရှမ်းပြည်ကလည်း ရှမ်းပြည်ရဲ့ စစ်တပ်နဲ့အညီ သူ့လုံခြုံရေး သူကိုယ်တိုင် တာဝန်ယူချင်တဲ့ ပုံစံမျိုးတော့ ရှိမှာပါပဲ သေချာပါတယ်။

တခြား ပြည်နယ်လည်း ထိုနည်းလည်းကောင်းပါပဲ။ အဲ့ဒီတော့ အရင်က ကျင့်သုံးလာတဲ့ ဗိုလ်ကျစိုးမိုးရေး အနိုင် ယူရေးဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ချဉ်းကပ်နေတယ်၊ အမိန့်တွေ ပေးနေမယ်၊ ခြိမ်းခြောက်နေမယ်ဆိုရင်လည်းပဲ ဒါကရေရှည် အလုပ် မဖြစ်ဘူးဆိုတာကို အခုလက်တွေ့ မြင်နေရပါပြီ။

 နစကနှင့် SSPP ကိုယ်စားလှယ်အဖွဲ့

မေး ။ ။ ဟုတ်ကဲ့ပါ။ အခု ဒီရှမ်းပြည်ဒေသအတွင်း သတင်းဌာနတွေ ဖော်ပြချက်အရပေါ့လေ၊ ဒါစစ်တပ် ဘက် အခုတလော အင်အား ဖြည့်တင်းလာတာတွေ တွေ့ရတယ်ပေါ့။ ဒီ SSPP ကလည်း သူတို့ကတော့ အဆင်သင့် ဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုး ရှိနေတယ်ပေါ့။ ဆိုတော့ သူတို့ တိုက်ပွဲတွေ ဖြစ်လာရင် ပြည်သူလူထုက ဘယ်လောက်ထိ ဆုံးရှုးနစ်နာမှုတွေ ကြုံရနိုင်လဲပေါ့။

မေး ။ ။ ရှမ်းပြည်သားတွေကတော့ စစ်ပွဲနဲ့ အသားကျသလောက်ကို ဖြစ်နေပါပြီဗျာ။ ရှင်းရှင်းပြောရရင် နှစ်စဉ်နှစ်တိုင်း မိုးရာသီရောက်ပြီဆိုရင် အမြဲတမ်း စစ်ဘေးဒဏ်ခံခဲ့ရတာ နှစ်ပေါင်းက မနည်းတော့ပါဘူး။ ဒီထက် လည်း သူတို့အတွက်က ဆိုးစရာ မရှိတော့ဘူးဗျ။
မြန်မာစစ်တပ်နဲ့ မတိုက်လည်းဘဲ ရှမ်းအချင်းချင်း တိုက်နေရတာနဲ့ နောက် တိုင်းရင်းသား အချင်းချင်း တိုက်နေရ တာနဲ့ စစ်ဘေးကတော့ ရှောင်နေရတယ်။ စစ်ဘေးတွေကတော့ ကြုံနေရတာပဲလေ။ အဲ့တော့ အခုထပ်ပြီးတော့မှ မြန်မာစစ်တပ်နဲ့တိုက်ပွဲ ဖြစ်အုံးမယ်ဆိုလည်း လူထုကတော့ ထုံးစံအတိုင်း ရှောင်ရုံ တိမ်းရုံကလွဲပြီး ဘာမှ မတတ် နိုင်ပါဘူး။ သူတို့မှာ ရွေးချယ်စရာလည်း မရှိပါဘူးခင်ဗျ။ အကောင်းဆုံးကတော့ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ ဒါ စေ့စပ် ညှိနှိုင်းတဲ့ ပုံစံနဲ့ သွားနိုင်တယ်ဆိုလို့ရှိရင် လူထု သက်သာမှာ ပေါ့ဗျာ။

မေး ။ ။ ဟုတ်ကဲ့။ ဒီ မိုင်းရှူးမှာ SSPP စခန်း ရွှေ့ခိုင်းတဲ့ကိစ္စ နောက် ဒီစစ်တပ်ရဲ့ ငြိမ်းချမ်းရေးနှစ် ဒီကိစ္စ တွေနဲ့ ပတ်သက်ပြီး အန်ကယ် စိုင်းလိတ်အနေနဲ့ နောက်ဆုံး ဘာများ ပြောကြားလိုသေးလဲ။

ဖြေ ။ ။ စောစောက ကျနော်ပြောတယ်။ ဒီ စလင်းတောင်ကြော တစ်ဝိုက်မှာရှိတဲ့ တပ်စခန်းတွေက သူ့ရဲ့ ရပ်စောက်၊ ဗထူးမှာရှိတဲ့ တပ်တွေနဲ့ နီးတယ်၊ နောက် PNO နယ်စပ်၊ PNO ပြည်သူ့စစ်အဖွဲ့ရဲ့ နယ်စပ်လည်း ဖြစ် တယ်။ နောက်တစ်ခါ RCSS ရဲ့ ဟိုးအရင် နေခဲ့ဖူးတဲ့ နေရာဟောင်းလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာတွေ ကို ပြန်လိုချင်တဲ့ အတွက်ကြောင့်မို့လို့ မိုင်းရှူးဘက်ကို အလဲအထပ် သဘောမျိုးနဲ့ ရွှေ့ခိုင်းတာလို့ ကျနော် သုံးသပ် တယ်။

ဒါပေမယ့် နေရာရထားပြီးတဲ့ SSPP အနေနဲ့ကရော ဒီအပေါ်မှာ လိုက်လျော နိုင်ပါ့မလားဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။ SSPP ရဲ့ ပြောရေးဆိုခွင့် ပြောထားတဲ့ အနေအထားအရဆိုရင် သေနတ်သံ ပေါက်လို့ရှိရင် တစ်နေရာ တည်း မဟုတ်ဘူး။ သူတို့ရဲ့ စိုးမိုးနယ်မြေ အကုန်လုံးကို ပေါက်ကွဲစေရမယ်ဆိုတဲ့ အပြောမျိုးကလည်း ရှိထားတဲ့ အခါကျတော့ ဒါသူ့ဘက်ကိုယ့်ဘက် ဘယ်သူမှလျှော့မယ့် အနေအထားမျိုး မဟုတ်ဘူး။

ဒီကိစ္စကို အကြမ်းနည်းနဲ့ ဒါမှမဟုတ် အာဏာပေး အမိန့်ပေးနည်းနဲ့ ချဉ်းကပ်မယ်ဆိုလို့ရှိရင်တော့ သေနတ်သံတွေ ပေါက်ကွဲလာနိုင်ပါတယ်။ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့တာကို မရှောင်လွှဲနိုင်ဘူး တမင်ဇွတ် တိုးတယ် ဆိုလို့ရှိရင်တော့ အမြော်အမြင် နည်းရာကျပါတယ်လို့ပဲ သုံးသပ်ချင်ပါတယ်ဗျ။