CNI Interview 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က လက်မှတ်ရေးထိုး၍ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့နောက် မိဘများနှင့် လူငယ်- လူရွယ်များကြား စိုးရိမ်စိတ်များ မြင့်တက်လာကြပြီး စစ်မှုမထမ်းရရေး နိုင်ငံခြား ထွက်ခွာကြရန် ပြင်ဆင်လာကြသည်။ 

အလားတူ တချို့ကလည်း ချက်ချင်း စစ်မှုထမ်းရတော့မလို ထင်မှတ်လာကြသလို အားလုံး မဖြစ်မနေ တစ်ခါ တည်း စစ်မှုထမ်းရတော့မည်ဟုလည်း သတင်းများ ပျံ့နှံ့လာခြင်းကြောင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေကြ သည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ CNI သတင်းဌာနက နစကသတင်းထုတ်ပြန်ရေးအဖွဲ့သို့ ဆက်သွယ် မေးမြန်းထားသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။

CNI သတင်းဌာန                 ။             ။ အခုဆိုရင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီး ဖြစ်လို့ ဘယ်နေ့ ဘယ်အချိန်မှာ အပတ်စဉ်(၁)ကို စတင်ခေါ်ယူဖို့ ရှိပါသလဲ။ အဲဒီ အပတ်စဉ်(၁)က ဘယ်နှလ ကြာမြင့်မှာပါလဲ၊ လူအင်အား ဘယ်လောက်ကို ပထမဆုံး ခေါ်ယူမှာပါလဲ။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ။            ။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ်(၁)ကို စစ်မှုထမ်းရန် အကျုံးဝင်သူ အင်အား ၅၀၀၀ ဦးဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

CNI သတင်းဌာန                 ။              ။ သင်တန်းပြီးဆုံးပါက သင်တန်းသားတွေကို ဘယ်အရပ်ဒေသတွေ မှာ ဘယ်လို တာဝန်တွေကို ပြန်လည် ထမ်းဆောင်ခိုင်းမှာပါလဲ (ဥပမာ- မိမိ မွေးရပ်မြေမှာလား၊ ဒါမှမဟုတ် သူအသက် မွေးဝမ်းကြောင်း လုပ်ငန်းအရ ရောက်ရှိနေတဲ့ အရပ်ဒေသမှာ စာရင်းပါလို့ အဲဒီဒေသမှာပဲ ပြန်လည် တာဝန် ထမ်းဆောင်ရမှာလား)။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ။              ။ သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပါက မိမိတို့ ဆန္ဒရှိသော အရပ်ဒေသများတွင်သာ သတ်မှတ်ထားသော ကာလအထိ တာဝန်ထမ်းဆောင်သွားရမည် ဖြစ်ပါ သည်။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

CNI သတင်းဌာန                 ။                ။ သင်တန်းဆင်းပြီးသူတွေကို လစာ၊ ရိက္ခာ ဘယ်လိုနှုန်းထားနဲ့ ပေးအပ်သွားဖို့ရှိပါသလဲ။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ။              ။ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်စဉ် ကာလနှင့် သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်သည့် ကာလများတွင် လစာ၊ ရိက္ခာနှင့် အခြားခံစားခွင့် အားလုံးကို လက်ရှိ တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းများအတိုင်း အပြည့်အဝ ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

CNI သတင်းဌာန                 ။                 ။ မြန်မာနိုင်ငံက လူမျိုးစုများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သလို လူမျိုးစု အလိုက် လက်နက်ကိုင်များလည်း ရှိနေတဲ့အတွက် တပ်မတော်ရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်းခံရတဲ့ အခါမှာ မဝင်ရောက်ဘဲ သူ့လူမျိုးစု လက်နက်ကိုင်ထဲကို ဝင်ရောက်သွားကြမယ်ဆိုရင် ဘယ်လိုပုံစံ ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါသလဲ။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ။               ။ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင် သော ဥပဒေဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါဥပဒေကို ရှောင်ရှားပြီး အခြား လက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက် မည်ဆိုပါက ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် တည်ဆဲဥပဒေများအတိုင်း အရေးယူခြင်းခံရမည်ဖြစ်ပါ သည်။

CNI သတင်းဌာန                 ။                 ။ နိုင်ငံခြားထွက် ကျောင်းတက်၊ အလုပ်လုပ်သူများကိုရော ဘယ်လိုပုံစံ အကျုံးဝင်ပါသလဲ၊ သို့မဟုတ် ကင်းလွတ်ခွင့်ရှိပါသလား။

တအာင်းတိုင်းရင်းသားလက်နက်ကိုင် (TNLA)ကို တွေ့ရစဉ်

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ။               ။ နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူ များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ ကတွင် ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ ဆိုင်းနိုင်ပါသည်။ 

သို့သော် ထိုသူများအနေဖြင့် ၎င်းတို့၏ ပညာသင်ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ပုဒ်မ ၁၅ (ခ)နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလ ပြီးဆုံးသည့်အထိ စစ်မှုထမ်းဆောင် ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

CNI သတင်းဌာန                  ။                  ။ အပတ်စဉ်(၁) သင်တန်းခေါ်ယူတဲ့အခါမှာ အမျိုးသားတွေကိုပဲ စတင် ခေါ်ယူမှာလား သို့မဟုတ် အမျိုးသမီး/အမျိုးသား တစ်ခါတည်း ခေါ်ယူမှာလား။  သို့မဟုတ် အမျိုးသမီး တွေက ဘယ်အချိန် စတင် ခေါ်ယူသွားမှာပါလဲ။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ။                 ။ လက်ရှိ ရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ် (၁)တွင် စစ်မှုထမ်း ဆောင်ရန်အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူ သွားမည်ဖြစ်ပြီး အကျုံးဝင် သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ်(၅)မှသာ ခေါ်ယူရန် လျာထားပါသည်။

CNI သတင်းဌာန                  ။                    ။ နောက်ဆုံးတစ်ခုကတော့ ၂၀၂၅ မှာရော ခန့်မှန်း  ဘယ်လောက်လောက် လျာထားပါသလဲ။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ။                   ။ သင်တန်းအမှတ်စဉ်(၁)ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံး ဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ် ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း လျာထား စီမံထားပါသည်။