- By CNI
- Category: ဆောင်းပါး
- Hits: 320
CNI International Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀
ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ နှစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ပါလီမန်တွင် ဝန်ကြီးချုပ်ရာထူး နေရာအတွက် မဲပေးရွေးချယ်မှုသည် မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသဖြင့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမက်နျူအာမာသာ (Wan Muhamad Noor Matha) သည် ဇူလိုင် ၁၇ ရက်တွင် ပြုလုပ် ရန် စီစဉ်ထားသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုကို ရွှေ့ဆိုင်းခဲ့သည်။
Move Forward (MFP) ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ်ရာထူး အတွက် အမည်စာရင်း တင်သွင်းမှု ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မည်သို့ စီရင်ဆုံးဖြတ်မည်ဆိုခြင်းကို မာသာက စောင့်ဆိုင်းနေခြင်းလည်းဖြစ်သည်။
အစိုးရအား မကျေနပ်ချက်များကို တင်ပြရန် အစိုးရက ခန့်အပ်ထားသည့် အရာရှိ (Ombudsman) က တင်သွင်းသည့် အသနားခံစာကို ခုံရုံးက လက်ခံခဲ့သည်။
အထက်လွှတ်တော်ကို ဆန္ဒပြနေကြတဲ့ ပီတာနဲ့ MFP ပါတီထောက်ခံသူများကိုတွေ့ရစဉ်
ဇူလိုင် ၁၉ ရက်က ပီတာအား ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် အမည်စာရင်းတင်သွင်းခွင့်ကို ပိတ်ပင်ခဲ့မှုသည် လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အသုံးချခဲ့ခြင်း ရှိ/မရှိကို ခုံရုံးက လက်ခံဆုံးဖြတ်မည်လော သို့မဟုတ် ပယ်ချမည်လော ဆိုခြင်းမှာ ရေရာစွာ မသိရသေးပေ။
ဇူလိုင် ၁၃ ရက်က ပီတာ၏ ပထမအကြိမ် ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းမှုတွင် အထက်လွှတ်တော်က ၂၀၁၇ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးပြုခဲ့ပြီး ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရေး ရည်မှန်းချက်ကို တားဆီးခဲ့သည်။
ပီတာအနေနှင့် ဝန်ကြီးချုပ်ရာထူး နေရာအတွက် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲ လိုအပ်သည်။ သို့သော် အထက်လွှတ်တော် အမတ်များက မဲမပေးဘဲ လက်ရှောင်ခဲ့သဖြင့် ပီတာသည် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့သည်။
ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများပိုင်ဆိုင်မှု စွဲချက်နှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေချိန်တွင် MFP သည် ဖြူးထိုင်းပါတီအား အစိုးရအဖွဲ့ ဖွဲ့စည်းမှုကို ဦးဆောင်ရန် လမ်းဖယ်ပေးခဲ့သည်။
ကွန်ဆာဗေးတစ်များကမူ MFP ကို ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပယ်ရန် ဖြူးထိုင်းကို ဖိအားပေးနေသည်။
ဖြူးထိုင်းနဲ့ MFP ပါ၀င်တဲ့ ညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ အခြေအနေအရ ထိုင်းဝန်ကြီးချုပ် နေရာအတွက် မဲပေးရွေးချယ်မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေသည်။
Ombudsman ၏ အသနားခံစာကို ခုံရုံးက ပယ်ချခဲ့မည်ဆိုပါက သြဂုတ် ၄ ရက်တွင် ဝန်ကြီးချုပ်ရာထူး နေရာ အတွက် မဲပေးရွေးချယ်သည့် လွှတ်တော်အစည်းအဝေး ဖြစ်လာနိုင်သည်။
သို့သော် ပီတာကို ပိတ်ပင်ခြင်းသည် ၂၀၁၇ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသည့် လွှတ်တော် အစည်းအဝေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်း ၄၇ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ခုံရုံးက ဆုံးဖြတ်မည်ဆိုပါက ဝန်ကြီးချုပ်ရွေးချယ်မှုသည် ပိုမိုနှောင့်နှေးကြန့်ကြာရန်သာ ရှိသည်။
ထို့အတူ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ထဲမှ MFP ကို ထုတ်ပယ်ရန် ကြိုးပမ်းမှုများသည်လည်း အာဏာလွန်ဆွဲမှုများဖြစ်ပွားပြီး ဝန်ကြီးချုပ် ရွေးချယ်ရေးလမ်းစဉ်အား ပိုမို ရှုပ်ထွေးစေမည် ဖြစ်သည်။
ထိုင်းနိုင်ငံရေး သမိုင်းတွင် အစိုးရသစ်ဖွဲ့စည်းရန် နှောင့်နှေးကြန့်ကြာမှုများ ရှိခြင်းသည် ပုံမှန်အနေအထား တစ်ရပ် လို ဖြစ်နေသည်။ အတိတ်ကို ပြန်လည် ကြည့်ရှုမည်ဆိုပါက ထိုင်းတွင် ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် ပုံမှန်အား ဖြင့် ၁၀ ရက်မှ ရက်ပေါင်း ၃၀ အတွင်း ကြာမြင့်ခဲ့သည်။
၁၉၉၂ ခုနှစ်၊ စက်တင်ဘာလက ဒီမိုကရက်တစ် ခေါင်းဆောင်ဟောင်း ချန် လီခ်ပိုင် (Chaun Leekpai) သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ၁၀ ရက်အတွင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ချန်သည် ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် ၁၆ ရက်ကြာ အချိန်ယူခဲ့ရသည်။
၁၉၉၅ ခုနှစ်တွင် ချတ်ထိုင်းပါတီ (Chart Thai Party) ခေါင်းဆောင် ဘန်ဟန် စီလ်ပါ အာချာ (Banharn Silpa-archa) သည် ဇူလိုင် ၂ ရက် ရွေးကောက်ပွဲပြီးနောက် ၁၁ ရက်အတွင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ပီတာကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံရ တောင်းဆိုနေကြစဉ်
၎င်းနေရာကို ဆက်ခံသည့် New Aspiration ပါတီ ခေါင်းဆောင်သည် ၁၉၉၆ ရွေးကောက်ပွဲပြီးနောက် ရှစ်ရက် အကြာတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။
Thai Rak Thai ပါတီ ခေါင်းဆောင် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နှင့် ၎င်း၏ ညီမဖြစ်သည့် ဖြူးထိုင်းပါတီခေါင်းဆောင် ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) တို့သည် ၂၀၀၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် အသီးသီး အနိုင်ရခဲ့ပြီးနောက် ရွေးကောက်ပွဲအပြီး တစ်လအကြာမှ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ထို့နောက် ယင်လတ် အစိုးရအဖွဲ့သည် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို ပြဋ္ဌာန်းနိုင်ရန် တွန်းအား ပေး လုပ်ဆောင်ခဲ့မှုကြောင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး အာဏာကို လက်လွှတ်ခဲ့ရသည်။
နိုင်ငံရေး ထိပ်တိုက်တွေ့မှုများသည် ၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် အာဏာ သိမ်းမှုဖြင့် အဆုံးသတ်ခဲ့သည်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင်လည်း ပါလန်းပရာချက် (Palang Pracharat) ပါတီ၏ ကိုယ်စားလှယ် လောင်းဖြစ်သည့် ပရာယွတ်သည် မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲအပြီး ၇၃ ရက်အကြာတွင်မှ ဝန်ကြီးချုပ် ဖြစ်လာပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။
စစ်တပ်လိုလားသည့် အထက်လွှတ်တော်၏ အကူအညီဖြင့် ပရာယွတ်သည် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။
ယခုအကြိမ်တွင်လည်း အထက်လွှတ်တော်သည် မဲဆန္ဒရှင်များ၏ သဘောထားကို လက်ခံရန် ငြင်းဆိုခဲ့သည်။
ဖြူးထိုင်းပါတီနှင့် ကွန်ဆာဗေးတစ်များအကြား ပလဲနံပ သင့်နေမှုသည် လူထုကို ဒေါသထွက်စေခဲ့သည်။
အထက်လွှတ်တော်၏ အကူအညီဖြင့် ကွန်ဆာဗေးတစ်များသည် အစိုးရအဖွဲ့ထဲတွင် လူနည်းစုအဖြစ် ပါဝင် လာနိုင်သည့် ထင်ကြေးပေးမှုများကလည်း လူထု၏ ဒေါသကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။
နိုင်ငံရေး အားပြိုင်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ထိုင်းပြည်သူများသည် နိုင်ငံ့အကျိုး စီးပွားများထက် ပါတီအရေးနှင့် ကိုယ်ကျိုးစီးပွားများကိုသာ ရှေ့တန်းတင်သည့် မည်သည့် ပါတီကိုမဆို ဆန့်ကျင် ကန့်ကွက်ကြမည်သာ ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 398
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀
မကြာခင် ရက်ပိုင်းတွေအတွင်းမှာ ဥရောပထိပ်တန်းလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ရာသီသစ် စတင်တော့မှာ ဖြစ်သလို ကစားသမား အပြောင်းအရွှေ့တွေကလည်း အရှိန်မြှင့်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီရက်ပိုင်း အားကစား သတင်းတွေရဲ့ ခေါင်းကြီးပိုင်းကို ကြည့်လိုက်ရင် ဘတ်ပီနဲ့ ဟာရီကိန်းတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ နေ့တိုင်းနီးပါး နေရာယူထားတာကို မြင်တွေ့ခဲ့ရတာပါ။
ဘတ်ပီနဲ့ ဟာရီကိန်းတို့ နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ၊ စပါးအသင်းတို့နဲ့ စာချုပ်သက်တမ်းက တစ်နှစ် ကျန်ရှိနေတာ ဖြစ်ပါတယ်။
အဲ့ဒ့ကြောင့်လည်း နှစ်ဦးစလုံးဟာ လာမယ့် ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးရင် အလွတ်နဲ့ ထွက်ခွာတော့မှာပါ။
ဘတ်ပီ အကြောင်းကို စပြီးပြောရရင် သူကတော့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘဲ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောထားတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီကတော့ ဘတ်ပီလို ကမ္ဘာ့အဆင့် ကစားသမားကို အလွတ်နဲ့ အဆုံးရှုံး မခံချင်တာကြောင့် စာချုပ် သက်တမ်း မတိုးရင် အခုအပြောင်းအရွှေ့မှာ ရောင်းချမယ်လို့ သတိပေးခဲ့ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီကတော့ စာချုပ်သစ်လုံးဝ မချုပ်ဘူးလို့ ပြောခဲ့တာကြောင့် ပြင်သစ်ကလပ် ဟာ သူ့ကို အသင်းရဲ့ အာရှခရီးစဉ် လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ပြင်းပြင်းထန်ထန် သတိပေးသွားခဲ့တာပါ။
ဒီအချိန်မှာ နာမည်ကြီး ကစားသမားတွေကို ပစ်မှတ်ထားနေတဲ့ ဆော်ဒီလိဂ်က ဒီအခြေအနေကို စောင့်ကြည့်ပြီး အယ်လ်ဟီလယ်အသင်းဟာ ကမ္ဘာ့စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
ဘတ်ပီကို ရောင်းချချင်တဲ့ ပီအက်စ်ဂျီကတော့ အယ်လ်ဟီလယ်ရဲ့ အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ကစားသမားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုပေးခဲ့တာပါ။ ဒါပေမယ့် ဘတ်ပီကတော့ ရီးရယ်လ်အသင်းမှာ ကစားချင်တဲ့ သူ့ရဲ့ဆန္ဒကြောင့် အယ်လ်ဟီလယ်အသင်းထံ ပြောင်းမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖို့ထက် ပီအက်စ်ဂျီမှာ တစ်ရာသီလုံး အရန်ခုံပေါ် ထိုင်ဖို့ကိုပဲ ရွေးချယ်မှာလို့ အားကစားသတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ရဲ့ ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ တင်းမာနေပြီး ပြင်သစ်တိုက်စစ်မှူးကပဲ သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း နောက်ဆုံးအချိန်ထိသွားမလား ဒါမှမဟုတ် ပြင်သစ်ကလပ်က သူ့ကို အသင်းကနေ ဖယ်ထုတ် သွားမလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။
ဟာရီကိန်း အကြောင်းကတော့ ဘတ်ပီလို တစ်ခွန်းမှ မပြောဘဲ အေးအေးဆေးဆေးနဲ့ အနာဂတ်ကို ကိုင်တွယ် ဖြေရှင်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ သူ့ရဲ့ငယ်ဘဝ ကလပ်ကို သစ္စာ မဖောက် ချင်သလို အသင်းကလည်း ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။
ဟာရီကိန်းကို ယူနိုက်တက် အပါအဝင် အသင်းကြီးအချို့က ပစ်မှတ်ထား ချဉ်းကပ်နေပေမယ့် စပါးအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကို ပေးချေလိုခြင်း မရှိလို့ လက်လျှော့သွားခဲ့ပါတယ်။
ဟာရီကိန်းကို တွေ့ရစဉ်
ဒီအချိန်မှာ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် လုံးဝအာရုံစိုက်ပြီး ကြိုးပမ်းနေတာကတော့ ဘိုင်ယန်မြူးနစ် အသင်းပါ။
ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲတွေ ကိုယ်တိုင်က ဟာရီကိန်းကို ခေါ်ယူချင်တယ်လို့ သွယ်ဝိုက်ပြီးတော့ရော၊ တိုက်ရိုက်ရော နည်းမျိုးစုံနဲ့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းကတော့ ဟာရီကိန်းကို လက် မလွှတ်ချင်တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ပယ်ချခဲ့ပါတယ်။
စပါးအသင်းဟာ သူတို့ရဲ့ ဂိုးသွင်းစံချိန်ရှင် ဟာရီကိန်းကို အသင်းမှာ ဆက်ပြီး ထိန်းနိုင်ဖို့အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပေမယ့် အသင်းပိုင်ရှင်ဖြစ်သူက စာချုပ်သစ် မချုပ်ရင် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ အသင်းကို ပြောခဲ့တာပါ။
စပါးအသင်းပိုင်ရှင်က ဟာရီကိန်းကို အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြောခဲ့တာဖြစ်လို့ ဒီအချက်မှာ ဘတ်ပီရဲ့ အခြေအနေနဲ့ သွားပြီးတူညီနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဟာရီကိန်းဟာ အသင်းအပေါ်ကို ချစ်တဲ့စိတ်နဲ့ ရာသီကြို ခရီးစဉ်တွေကို လိုက်ပါသွားခဲ့ပြီး တိတ်ဆိတ် စွာနဲ့ ရာသီသစ်အတွက် ပြင်ဆင်နေခဲ့တာပါ။
ဟာရီကိန်းဟာ ဒီလိုပုံစံနဲ့ ဖြတ်သန်းနေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေသလို ဇနီးဖြစ်သူ ကလည်း မြူးနစ်မှာ အိမ်ရှာဖွေနေတဲ့ သတင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါတွေကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
ပီအက်စ်ဂျီနဲ့ စပါးအသင်းတို့ဟာ ရာသီသစ် မစတင်ခင်မှာ ဒီအခြေအနေတွေကို မဖြစ်မနေ ကိုင်တွယ် ဖြေရှင်းရ တော့မှာဖြစ်ပြီး မဟုတ်ရင် အသင်းအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် ရလဒ်တွေမှာ ထိခိုက်လာ နိုင်ပါတယ်။
အဲ့ဒါကြောင့် နွေရာသီ အပြောင်းအရွှေ့ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်နေတဲ့ ဟာရီကိန်းနဲ့ ဘတ်ပီတို့ရဲ့ အနာဂတ် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေတာတော့ အသေအချာပါပဲ။
- By CNI
- Category: ဆောင်းပါး
- Hits: 391
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃
ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို ကမ္ဘာ့ဈေး အကြီးဆုံး နောက်ခံလူဖြစ်အောင် ၂၀၁၉ ခုနှစ်က ပေါင်သန်း ၈၀ ပေးပြီး လက်စတာအသင်းကနေ ခေါ်ယူခဲ့ပါတယ်။
မက်ဂွဲယားကို ယူနိုက်တက်အသင်းက ဒီလိုပြောင်းရွှေ့ ကြေးပေးပြီး ခေါ်ယူခဲ့ရတဲ့ အကြောင်းကတော့ သူ့ရဲ့ ဦးဆောင်နိုင်မှုကြောင့်ပါ။
မက်ဂွဲယားဟာ လက်စတာအသင်းကနေ ရောက်ရှိလာအပြီး ၃ လအတွင်းမှာ ယူနိုက်တက်အသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။
အင်္ဂလန် နောက်ခံလူဟာ အက်ရှ်လေယန်း အင်တာမီလန်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ပြီးချိန်မှာတော့ ယူနိုက်တက်ရဲ့ တရားဝင် အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာပါ။
အခုအချိန်မှာတော့ မက်ဂွဲယားဟာ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။
မက်ဂွဲယား စိတ်ညစ်နေသည်ကို တွေ့ရစဉ်
မက်ဂွဲယားဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့ပြီး ဗာရန်း၊ လီဆန် ဒရို မာတီးနက်စ်၊ လင်ဒီလော့ဖ်နဲ့ လုပ်ခ်ရှောတို့ နောက်မှာသာ ပွဲထွက်ခွင့် ရခဲ့တာပါ။
လာမယ့်နှစ် ရာသီအကုန်မှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲက ရောက်ရှိလာတော့မှာဖြစ်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ် က မက်ဂွဲယားအနေနဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ချင်တယ်ဆိုရင် ပွဲကစားခွင့်ရဖို့ လိုတယ်လို့ သတိပေးထားပါတယ်။
မက်ဂွဲယားကို ဝက်စ်ဟမ်းအသင်း အပါအဝင် အသင်းတချို့က လိုချင်နေပါတယ်။ ဒါပေမယ့် မက်ဂွဲယားက ယူနိုက်တက်မှာ ဆက်နေပြီး ပွဲထွက်ခွင့် နေရာအတွက် တိုက်ပွဲဝင်ချင်နေတာပါ။
အခုအချိန်က မက်ဂွဲယားအနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ အချိန်တန်ပြီလားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို ခေါ်ယူနိုင်ဖို့ မန်စီးတီးနဲ့ အပြိုင် ကြိုးစားပြီး စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီးခေါ်ယူခဲ့ရတာပါ။
မက်ဂွဲယားကို နည်းပြဟောင်း မော်ရင်ဟိုကလည်း ခေါ်ယူချင်ခဲ့ပေမယ့် ဆိုးလ်ရှား လက်ထက်မှာတော့ အသင်းထံ ရောက်ရှိလာခဲ့တာပါ။ နည်းပြ ဆိုးလ်ရှားဟာ မက်ဂွဲယားရဲ့ ပွဲအပေါ် ဦးဆောင်နိုင်မှု၊ သူ့ရဲ့ခိုင်မာတဲ့ ပုံစံနဲ့ ဖိအား တွေအောက်မှာ အေးအေးဆေးဆေး ဖြစ်တာကို သဘောကျ နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်နဲ့မက်ဂွဲယားကို တွေ့ရစဉ်
မက်ဂွဲယားဟာ သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ တကယ်ကို ကောင်းမွန်ခဲ့ပြီး အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တာပါ။ ဒီနောက် မက်ဂွဲယားဟာ ပရီးမီးယားလိဂ်ပွဲတိုင်း ပါဝင်ခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းကလည်း ပြောစရာ မလိုလောက်အောင်ကို တောင့်တင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
၂၀၁၉-၂၀ ရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းထက် ပေးဂိုး ၃ ဂိုးသာပိုပြီး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
မက်ဂွဲယားရဲ့ခြေစွမ်းပိုင်းကို စပြီးကျဆင်းခဲ့တဲ့ အကြောင်းရင်းကတော့ ၂၀၂၀ ခုနှစ် နွေရာသီက ဂရိနိုင်ငံက မိုင်ကိုနိုစ်ကျွန်းမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဖြစ်ပါတယ်။
မက်ဂွဲယားဟာ ဘားတစ်ခုမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ရဲအရာရှိတစ်ဦးကို ရိုက်နှက်ပြီး လာဘ်ပေးလာဘ်ယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ ချမှတ်ခြင်း ခံခဲ့ရတာပါ။
ဒီအချိန်ဟာ သူ့ဘဝအတွက် အစိုးရိမ်ရဆုံး အချိန်ဖြစ်ခဲ့ပြီး ဘာအပြစ်မှ လုပ်ခဲ့ခြင်း မရှိဘူးလို့ မက်ဂွဲယားက ပြောခဲ့ ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် သူ့ရဲ့ဘောလုံးအပေါ် သက်ရောက်မှု မရှိဘူးလို့ ပြောခဲ့ပေမယ့် ရာသီသစ် စတင် ချိန်မှာတော့ တူညီတဲ့ ကစားသမား ဖြစ်မလာတော့ပါဘူး။
မက်ဂွဲယားဟာ ၂၀၂၀-၂၁ ရာသီမှာတော့ ခြေစွမ်းပိုင်း ဆိုးရွားခဲ့သလို အသင်းကလည်း ရလဒ်တွေဆိုးခဲ့လို့ နည်းပြ ဆိုးလ်ရှားပါ ထုတ်ပယ်ခံခဲ့ရပါတယ်။
မက်ဂွဲယားဟာ ဝေဖန်မှုတွေ တောက်လျှောက်ဆိုသလို ခံခဲ့ရပြီး သူဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ရွှေ့လျား နိုင်မှု မရှိဘူးဆိုပြီး မီးမောင်းထိုးပြခြင်းကို ခံခဲ့ရတာပါ။
ဒီနောက်မှာတော့ သူ့ကို ယုံကြည်မှုတွေလည်း လျော့နည်းလာသလို ဝေဖန်မှုတွေကလည်း တိုးလာခဲ့တာ ဖြစ်ပါ တယ်။
၂၀၂၂ ခုနှစ်မှာတော့ ရော်နယ်ဒိုနဲ့ အသင်းခေါင်းဆောင် ရာထူးအတွက် ပွတ်တိုက်မှုတွေ ရှိလာခဲ့ပါတယ်။
အသင်းခေါင်းဆောင် ရာထူးအတွက် ရော်နယ်ဒိုနဲ့ မက်ဂွဲယားတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုဟာ အသင်းရဲ့ စည်းလုံးမှု ကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး မက်ဂွဲယားရဲ့ စွမ်းဆောင်ရည် တွေကလည်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သတင်းတွေကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ရက်ဂ်နစ်က ငြင်းပယ်ခဲ့ပေမယ့် ပြဿနာရှိနေတာကို သိလာခဲ့ရတာပါ။
မက်ဂွဲယားဟာ အဲဒီနှစ်ထဲမှာ ချက်ရှိုင်းယားရှိ သူ့ရဲ့နေအိမ်မှာ ဗုံးနဲ့ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
မက်ဂွဲယားကို တွေ့ရစဉ်
မက်ဂွဲယားအတွက်တော့ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ယူနိုက်တက်က ခန့်အပ်ပြီးချိန်မှာတော့ သူ့ရဲ့ ကစားသမားဘဝ အခက်အခဲဆုံးကာလကို ရင်ဆိုင်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ရာသီတွေမှာ အသင်းအတွက် ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့ရတဲ့ မက်ဂွဲယားဟာ ပွဲပေါင်း ၃၁ ပွဲသာ ပါဝင် ကစားခဲ့ရပြီး ကွင်းထဲမှာ ၁,၆၀၀ မိနစ်သာ ကစားခွင့် ရခဲ့ပါတယ်။
မက်ဂွဲယားဟာ သူ့ရဲ့ ယူနိုက်တက် ပွဲဦးထွက် ရာသီတုန်းက မိနစ်ပေါင်း ၅,၀၀၀ နီးပါး ကစားခဲ့တာနဲ့ နှိုင်းယှဉ်ရင် သိသိသာသာကို လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဂွဲယားရဲ့ယူနိုက်တက် ကစားသမားဘဝကို ပိုပြီးစိုးရိမ်စရာဖြစ်ခဲ့တဲ့ အရာကတော့ ဗာရန်းနဲ့ လီဆန်ဒရို မာတီနက်စ်တို့ ဒဏ်ရာရနေတဲ့အချိန် ဗဟိုနောက်ခံလူ နေရာမှာ သူ့ကို မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပေမယ့် နည်းပြက လင်ဒီလော့ဖ်နဲ့ ဘယ်နောက်ခံလူ လုပ်ခ်ရှောကို ဗဟိုခံစစ်နေရာမှာ အသုံးပြုသွားခဲ့တာပါ။ မက်ဂွဲယားဟာ ယူနိုက်တက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုရော အင်္ဂလန်အားပေးတဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီက မက်ဂွဲယားဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲရဲ့ ပွဲပြီးဖို့ မိနစ်အနည်းငယ်သာ ကျန်ရှိတော့ချိန်မှာ ဆုဖလား ကိုင်မြှောက်နိုင်ဖို့အတွက် လူစားလဲ ထည့်သွင်းခြင်း ခံခဲ့ရပေမယ့် မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲမှာတော့ လူစားလဲ ဝင်ရောက်ခွင့်တောင် မရခဲ့တာပါ။
နွေရာသီ အပြောင်းအရွှေ့ စမဖွင့်ခင်ကတည်းက ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို အရောင်းစာရင်း တင်ခဲ့ ပြီး ရောင်းချဖို့ကို စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။
မက်ဂွဲယားဟာ ယူနိုက်တက် အသင်းကနေ ထွက်ခွာရဖို့ သတင်းတွေ ထွက်ချိန်မှာ နည်းပြဖြစ်သူ အဲရစ်တန်ဟတ် ဟာ အင်္ဂလန်နောက်ခံလူကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့တာပါ။
မက်ဂွဲယားကတော့ အသင်းခေါင်းဆောင် ရာထူး ဖယ်ရှားခံလိုက်ရလို့ စိတ်ပျက်နေပေမယ့် အသင်းက ထွက်ခွာဖို့ ကိုတော့ တွေးထားခြင်း မရှိပါဘူး။ ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို ပေါင်သန်း ၄၀ ရရင်ရောင်းချဖို့ ဆုံးဖြတ် ထားပါတယ်။
မက်ဂွဲယားဟာ အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ အသင်းရဲ့ရာသီကြို ခရီးစဉ်ကို လိုက်ပါသွားခဲ့ပြီး အကောင်း ဆုံး ခြေစွမ်းတွေကို ပြန်ပြကာ သူ့ရဲ့နေရာ တစ်နေရာကို ပြန်ရယူဖို့ စိတ်ပိုင်းဖြတ်ထားတာပါ။
အဲဒါကြောင့် မက်ဂွဲယားအနေနဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်ပြနိုင်မလား၊ အသင်းရဲ့ ရောင်းချခြင်းကို ခံရ မလားဆိုတာတော့ မကြာခင်အချိန်တွေမှာ မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: ဆောင်းပါး
- Hits: 449
CNI International Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃
အများခန့်မှန်းထားကြတဲ့အတိုင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က အထက်လွှတ်တော်ကနေ ပီတာလင်ဂျာရိုရတ် ကို ဝန်ကြီးချုပ်အဖြစ် သဘောမတူခဲ့ကြပါဘူး။
ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ကို ရွေးချယ်ဖို့ လွှတ်တော်မှ ဒုတိယအကြိမ် မဲခွဲလို့ ဒီနေ့မှာလည်း အလားတူ အဖြေပဲ ထွက်လာခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဒီလို ဗြောင်ကျကျ ငြင်းပယ်လိုက်တဲ့ အတွက်တော့ ဒီမိုကရေစီစနစ် တစ်ခုရဲ့ အဓိက ထောက် တိုင်ဖြစ်တဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ ရည်ရွယ်ချက်နဲ့ တန်ဖိုးတွေ၊ ပြီးတော့ အများစု စည်းမျဉ်းဆိုတာတွေကို မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
လူထုစည်းရုံးဟောပြောပွဲမှာ ပီတာကိုတွေ့ရစဉ်
ပြောရရင်တော့ မစ္စတာပီတာဆိုတာက ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ မဲ ၁၄ သန်း၊ အမတ်နေ ရာ ၁၅၁ နေရာနဲ့ အများစုကို အနိုင်ရလိုက်တဲ့ ထိုင်းနိုင်ငံရဲ့ တိုးတက်တဲ့ပါတီ ရှေ့သို့ချီပါတီ(Move Forward Party-MFP)ရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့ (၈)ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နိုင်တဲ့ အခွင့်အရေး ရခဲ့ပါတယ်။
ဒါပေမယ့် အစိုးရအိမ်တော်ကို သွားတဲ့လမ်းကို အထက်လွှတ်တော် အမတ်အများစုက ပိတ်ဆို့(လွှတ်တော်ထဲမှာ မဲပေးကန့်ကွက်နည်းဖြင့် ပိတ်ဆို့)ထားကြပါတယ်။
သူဟာ အောက်လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမဲကို ၃၁၁ မဲအထိ ရထားပေမယ့်လည်း အထက်လွှတ်တော် အမတ် ၂၄၉ ယောက် အနက်က ၁၃ ယောက်ပဲ သူ့ကို ထောက်ခံပါတယ်။
ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့က အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲ ရဖို့လိုအပ်တာဖြစ်လို့ သူဒီထောက်ခံမဲ အရေအတွက်ကို မရဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။
မစ္စတာပီတာ ပထမအချီမှာ ရှုံးနိမ့်သွားရတာက ၂၀၁၄ ခုနှစ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့ အာဏာသိမ်းသူ တီထွင်ခဲ့တဲ့ နိုင်ငံရေးယန္တရားကြောင့်ပဲ ဖြစ်ပါတယ်။
ထိုင်းစစ်အစိုးရ ကမကထပြုခဲ့တဲ့ ဖွဲ့စည်းပုံပါ အပိုဒ် ၂၇၂ မှာ ဝန်ကြီးချုပ်ကို ရွေးကောက်ခံ အောက်လွှတ်တော် အမတ်တွေက ရွေးချယ်စဉ် အထက်လွှတ်တော်အမတ် ၂၅၀ ကိုလည်း ပါဝင်စွက်ဖက်ခွင့် အပ်နှင်းထားတာပဲ ဖြစ်ပါတယ်။
လွှတ်တော်အတွင်းမှာ ပီတာ ဆွေးနွေးနေစဉ်
ဒါပေမယ့်လည်း ဒီအခွင့်အာဏာဟာ ကြားကာလ အထက်လွှတ်တော်အမတ်တွေ သူတို့သက်တမ်း ကုန်ဆုံးတဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်အထိသာ မြဲနေမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမူကပဲ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကို နှောင့်နှေးစေတဲ့ အဓိက အတားအဆီးပဲ ဖြစ်ပါတယ်။
အထက်လွှတ်တော်ဟာ နောက်နှစ် မေလမှာ သက်တမ်း ကုန်ပြီဆိုပေမယ့််လည်း မဲပေးမှုရဲ့ ရလဒ်ကတော့ နောက် ရွေးကောက်ပွဲ မတိုင်မီအထိ တည်တံ့နေမှာဖြစ်ပါတယ်။
ဒါကြောင့် နောင်ဖြစ်လာမယ့် နိုင်ငံရေးဂယက်ကို ပြောနေစရာတောင် မလိုတော့ပါဘူး။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Move Forward ပါတီက အပိုဒ် ၂၇၂ ကို ဖျက်သိမ်းပြီး အထက်လွှတ်တော်ရဲ့ အခွင့် အာဏာကို ဖယ်ရှားဖို့ အဆိုပြုခဲ့ပါတယ်။ ဒါဟာ မစ္စတာပီတာကို အစိုးရအိမ်တော်ဆီ တွန်းပို့ပေးမယ့် အဓိက မဲဆွယ် ကြွေးကြော်သံလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဓိက မကျေနပ်ကြတာက lese majeste law လို့ခေါ်တဲ့ ဘုရင်အားစော်ကားမှုကို တားမြစ်တဲ့ ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။
အထက်လွှတ်တော် အမတ်တွေအပြင် တိုးတက်တဲ့ အတိုက်အခံဘက်ခြမ်းက နိုင်ငံရေးပါတီတွေကတောင် သူတို့ အနေနဲ့ မစ္စတာပီတာအား ထောက်ခံမှုကို ပြန်လည်ရုပ်သိမ်းရတာက ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ့် MFP ပါတီရဲ့ မူဝါဒ ရပ်တည်ချက်ကြောင့််ပဲ ဖြစ်တယ်လို့ ပြောလာကြပါတယ်။
တကယ်တော့လည်း မဲဆွယ်ကာလမှာတော့ MFP ပါတီ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အငြင်းပွားဖွယ်ရာ ပေါ်လစီကို လေသံလျှော့ပြီး ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချ၊ စီးပွားရေးမှာ လက်ဝါးကြီးအုပ်စနစ်ကို ပယ်ဖျက်၊ ဗဟိုဦးစီးစနစ်ကိုလည်း ဖြေလျော့ စတဲ့ တခြားအရေးများကိုသာ ဦးစားပေးပြီး မဲဆွယ်ခဲ့ကြပါတယ်။
အဲဒီတုန်းကတော့ MFP ပါတီဟာ အများသူငါ ခံစားနေရတဲ့ ပြဿနာတွေကိုသာ အာရုံစိုက်ပြီး ပြည်သူတွေရဲ့ ဘဝ အခြေ မြင့်မားရေးကိုသာ ဇောင်းပေး မဲဆွယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က မစ္စတာပီတာ ပထမအကြိမ် အရေးနိမ့်သွားတဲ့ အခါမှာတော့ MFP ပါတီ လိုလားသူတချို့ ကတောင် ပါတီကို ပုဒ်မ ၁၁၂ ပြင်ဆင်ရေးဆိုတဲ့ ရည်မှန်းချက်ကို တစ်ထစ်လျှော့ (ဒါမှမဟုတ်) လုံးဝ နောက်ဆုတ် လိုက်ဖို့ ဖိအားပေးလာခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီလို လုပ်ရင်တောင်မှ ပါတီအနေနဲ့ ထောက်ခံမှု ပိုရလာဖို့ အာမခံချက် မရှိပါဘူး။ ဒါ့အပြင် ပါတီအနေ နဲ့ ဘယ်တုန်းကမှ မူဝါဒ ရပ်တည်ချက်ကို လျှို့ဝှက် မထားခဲ့လို့ အခုကျမှ နောက်ကြောင်း ပြန်လှည့်ရမလားလို့ မေးစရာ ရှိလာပါတယ်။
ပြီးတော့ ပြင်ဆင်ရေးမူရဲ့ သဘောထားအမှန်က ဘုရင်စနစ်ကို ခေတ်နဲ့ မျိုးဆက်သစ် ထိုင်းလူငယ်တွေနဲ့ သဟဇာတဖြစ်လာအောင် ကူညီလိုရင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီအနေနဲ့တော့ ဘုရင်အားစော်ကားမှုကို တားမြစ်သည့်ဥပဒေအား ပြင်ဆင်လိုက်မှ နိုင်ငံရေးသမားတွေ၊ မရိုးသားသူတွေက ပုဒ်မ ၁၁၂ ကို နိုင်ငံရေး အမြတ်ထုတ် အသုံးချမှုကို တားဆီးနိုင်မယ်လို့ မြင်ပါတယ်။
ဒီပုဒ်မကသာ ဘုရင်စနစ်အတွက် တကယ့်အန္တရာယ်လို့ Move Forward ပါတီက ထင်မြင်ယူဆထားပါတယ်။
ဆယ်စုနှစ် အတော်ကြာအောင်ပဲ အရာထမ်း အမှုထမ်းတွေဟာ ဘုရင်ရဲ့ ညွှန်ကြားချက်အရ အလုပ်လုပ်နေတယ် ဆိုတဲ့ မျက်နှာဖုံးကို စွပ်ပြီး အစစ်ဆေးခံရမှာကို ရှောင်ကွင်းနေခဲ့ကြပါတယ်။
တခါတုန်းက အများပြည်သူ နေရာတွေမှာ ပြထားတဲ့ ဘုရင့်ပုံတွေက အမြဲတမ်း အသစ်စက်စက်တွေ ဖြစ်နေရတာ ဘာ့ကြောင့်လဲလို့ အရာရှိတစ်ယောက်ကို မေးကြည့်တဲ့အခါ ဒီပုံတွေကို ရောင်းချတာက အမြတ်အစွန်း အများကြီး ရတဲ့ အလုပ်ပဲ။
ဈေးနှုန်းကိုတောင် စောဒကမတက်ဘဲ ဝယ်ကြတယ်လို့ ဆိုပါတယ်။
ဒီလို အမြတ်ထုတ်နေမှုကို လူ ဘယ်လောက်များများက ဝေဖန်ရဲကြသလဲ။ ရည်ရွယ်ချက်က ကောင်းရင်သော်မှ ဝေဖန်သူအဖို့ ပုဒ်မ ၁၁၂ နဲ့ တရားစွဲခံရနိုင်တဲ့ အန္တရာယ်က ရှိနေတယ်။
ဒါပေမယ့်လည်း MFP ပါတီ အမတ်တွေဟာ လွှတ်တော် အငြင်းအခုန်တွေမှာ ပုဒ်မ ၁၁၂ အား အလွဲသုံးစားလုပ်မှု ကို ဆန့်ကျင် ပြောဆိုရတော့မယ့်် အခါတိုင်း နောက်မတွန့်ခဲ့ကြဘူး။
အရင် အောက်လွှတ်တော်ရဲ့ ပြီးခဲ့တဲ့ လေးနှစ်ကာလမှာလည်း အကြောက်အလန့်မရှိတဲ့ MFP အမတ်တွေဟာ ထိုင်းလူ့အဖွဲ့အစည်းထဲက အထူးသဖြင့် စစ်တပ်နဲ့ လုပ်ငန်းကြီးတွေကြားက လုပ်ပိုင်ခွင့်နဲ့ မဲဆွယ်နေတဲ့ ကွန်ရက် တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
ပီတာနဲ့ သူ့ရဲ့ပါတီထောက်ခံသူများကိုတွေ့ရစဉ်
မစ္စတာပီတာရဲ့ ပထမစီရင်ချက်နေ့ ဇူလိုင် ၁၃ ရက် မတိုင်မီမှာပဲ၊ ၂၀၁၄ အာဏာသိမ်း ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံရေးကနေ အနားယူပြီလို့ ကြေညာလိုက်တာကြောင့် သူထွက်သွားရင် ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းနိုင်မလားလို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း အခုတော့ သူထွက်တာနဲ့မဆိုင်၊ အပိုဒ် ၂၇၂ လို သူသုံးခဲ့တဲ့ နည်းစနစ်တွေက သြဇာသက်ရောက်ဆဲဆိုတာကို ရှင်းရှင်းလင်းလင်း သိလာခဲ့ကြပါတယ်။
မစ္စတာပီတာရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်ရေး အခွင့်အလမ်းတွေဟာလည်း အားပျော့သွားပြီ ဖြစ် သလို၊ MFP ပါတီရဲ့ ထိုင်းနိုင်ငံကို အုပ်ချုပ်ဖို့ ဖြစ်နိုင်ခြေဟာလည်း အလွန်ကို နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။
အဘက်ဘက်က သူတို့ကို ပူးပေါင်းကြံစည်နေကြပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကလည်း မစ္စတာပီတာအပေါ် အမှုနှစ်ခုကို ဖွဲ့စည်းပုံခုံရုံးမှာ စွဲချက်တင်ထားပြီး အချိန်မရွေး စီရင်ချက်ချနိုင်တဲ့ အနေအထား ပါပဲ။
ရလဒ်က မစ္စတာပီတာနဲ့ သူ့ပါတီအတွက် ကြမ္မာငင်စေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ သူ့ကို စည်းကမ်းနဲ့ မညီဘူး လို့ သတ်မှတ်နိုင်သလို၊ MFP ပါတီလည်း ဖျက်သိမ်းခံရနိုင်ပါတယ်။
ဒီနည်းဗျူဟာတွေက ရှေးရိုးစွဲ အဖွဲ့အစည်းကြီးက ယခင်ကတည်းက ကိုးကား အားထားလာခဲ့တဲ့ ကစားကွက် စာအုပ် အဟောင်းကြီးထဲက ဆွဲထုတ်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ညွန့်ပေါင်းထဲက အစိတ်အပိုင်းတွေကလည်း MFP ပါတီနဲ့ ခွာပြဲမယ့် အရိပ်အယောင်တွေ ပြလာကြပါပြီ။ တချို့ဆိုရင် မီဒီယာမှာတောင် ဗြောင်ဖွင့်ပြောလာကြပြီး တခြားပါတီတွေကိုပါ စည်းရုံးလာကြပါတယ်။
တကယ်တော့ မစ္စတာပီတာက နိုင်ငံရေးယဇ်ကောင် ဖြစ်လာတာပါ။ ဒါက ထိုင်းနိုင်ငံမှာ လစ်ဘရယ် ဒီမိုကရေစီ ဟာ မရင့်မှည့်ခင် ကြွေကျသွားမှုကို ဖော်ကြူးနေပါတယ်။
ဥပေဒနဲ့အညီ ရွေးကောက်ပွဲကို အနိုင်ရလာခဲ့တဲ့ မစ္စတာပီတာနဲ့ MFP ကို ပယ်ချလိုက်တာဟာ အခြေခံကျကျ ပြောင်းလဲမှုကို လိုလားတဲ့ ထိုင်းမဲဆန္ဒရှင်တွေရဲ့ တောင်းဆိုချက်တွေနဲ့ အိပ်မက်တွေကို ငြင်းပယ်လိုက်တာပဲ ဖြစ်ပြီး၊ ဆယ်စုနှစ် ပေါင်းများစွာ နိုင်ငံကို ကြီးစိုးလာနေခဲ့တဲ့ ရှေးရိုးစွဲ အာဏာ လက်ရှိတွေဟာ ပိုလို့တောင် ခိုင်မာ အားကောင်း လာတယ်ဆိုတဲ့ သဘောပါပဲ။
ဒီဆောင်းပါးရေးသူ တီတီပို ဖက်ဒီးဝါနစ် (Titipol Phakdeewanich)ဟာ ထိုင်းနိုင်ငံ၊ အူဘွန် ရာချာသာနီ တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဋ္ဌာနမှ နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦး ဖြစ်ပါတယ်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 508
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆
စပါးအသင်းမှာ ကစားခဲ့တုန်းက ဒယ်လီအလီဟာ ထွန်းတောက်လာမယ့် ကြယ်ပွင့် ကစားသမားတစ်ဦးအဖြစ် အသိအမှတ် ပြုခံရလောက်တဲ့အထိ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့သလို အင်္ဂလန် လက်ရွေးစင် အသင်းနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နှစ်အနည်းငယ် အကြာမှာတော့ ဒယ်လီအလီရဲ့ ခြေစွမ်းပိုင်းဟာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး မနှစ်ကရာသီ တူရကီကလပ် ဘက်ဆီးတပ်စ်အသင်းမှာ နည်းပြရဲ့ အသုံးပြုခြင်းတောင် မခံရတော့တာပါ။
ဒယ်လီအလီဟာ ခြေစွမ်းပိုင်း ကောင်းတုန်းကဆိုရင် ရီးရယ်လ်နဲ့ ပီအက်စ်ဂျီအသင်း အပါအဝင် အသင်းကြီး အများအပြားက ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ ဘယ်အသင်းကမှ မလိုချင် တော့ဘဲ မိခင်ကလပ် အဲဗာတန်အသင်းထံ ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟာ အဲဗာတန်အသင်းမှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် တည်ဆောက်နိုင်ဖို့ မျှော်လင့်နေပြီး လေ့ကျင့်မှုတွေကို အပြင်းထန်ဆုံး ပြန်ပြီးလုပ်ဖို့ ရှိနေပါတယ်။
ဒယ်လီအလီနဲ့ မိခင်ကိုတွေ့ရစဉ်
ဒယ်လီအလီဟာ မကြာသေးခင်က ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ခက်ခဲခဲ့တဲ့ ငယ်ဘဝ အခြေအနေနဲ့ လက်ရှိ အခြေအနေတွေကို ပြောပြကာ ငိုကြွေးခဲ့ပါတယ်။
ဂယ်ရီနဗီးလ် ကိုယ်တိုင်ကလည်း ဒယ်လီအလီ ဖြေဆိုမှုတွေကြောင့် သူပါ ငိုကြွေးခဲ့ရတာ ဖြစ်ပါတယ်။
ဒယ်လီအလီက “ ကျနော် ၆ နှစ်သားအရွယ်မှာ အိမ်မှာ အများဆုံးရှိခဲ့တဲ့ အမေရဲ့ သူငယ်ချင်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေကလည်း အရက်သမား လုံးလုံးဖြစ်နေပါပြီ။ ကျနော်ကို ဆုံးမဖို့ အာဖရိက ကို စေလွှတ်ခဲ့ပေမယ့် ကျနော် ပြန်ရောက်လာခဲ့ပါတယ်။ ၇ နှစ်မှာ ဆေးလိပ် စသောက်ပြီး ၈ နှစ်မှာတော့ မူးယစ် ဆေးဝါး အရောင်းအဝယ်တွေ ပြုလုပ်လာခဲ့ပါတယ်။ စက်ဘီးစီးတဲ့ ကလေးတွေကို ဘယ်သူကမှ မရပ်ခိုင်းဘူးလို့ လူကြီးတစ်ဦးက ပြောတော့ ဘောလုံးတစ်လုံးနဲ့ စက်ဘီးပတ်စီးပြီး အဲဒီမှာ မူးယစ်ဆေးတွေလည်း ပါဝင်ပါတယ်။ ၁၁ နှစ်အရွယ်မှာတော့ ကျနော့်ကို လူတစ်ဦးက တံတားပေါ်ကနေ ပစ်ချမယ်လို့ ပြောခြင်းခံခဲ့ရပါတယ်။ ၁၂ နှစ် အရွယ်မှာ စိတ်ထားကောင်းတဲ့ မိသားစုတစ်စုက ကျနော့်ကို မွေးစားခဲ့ပါတယ်။ ကျနော့်အတွက် သူတို့လုပ်ပေးခဲ့ တာတွေက တကယ်ကို ကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒယ်လီအလီနဲ့ ဂယ်ရီနဗီးလ်ကို တွေ့ရစဉ်
ဒယ်လီအလီဟာ သူကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို မွေးစားမိဘတွေကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ပေမယ့် မအောင် မြင်ခဲ့ပါဘူး။ အင်္ဂလန်ကစားသမားရဲ့ အတိတ်ကဖြစ်ခဲ့တဲ့ ကြေကွဲစရာ အသေးစိတ် အချက်အလက်တွေကို သူ့ အနေနဲ့ လွတ်လွတ်လပ်လပ်ပြောဖို့ ခက်တာက အံ့သြစရာတော့ မရှိပါတယ်။
ဒယ်လီအလီက “ပိုချက်တီနိုဟာ ကျနော့်အတွက် အကောင်းဆုံး နည်းပြဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ နည်းပြကို ကျနော် မတောင်းဆိုနိုင်ပါဘူး။ ကျနော်တို့ရဲ့ ဆက်ဆံရေးက ဘောလုံးသမားနဲ့ နည်းပြရဲ့ ဆက်ဆံရေးဆိုတာထက် ပိုပြီးနက်နဲပါတယ်။ သူထွက်သွားတဲ့ အချိန်မှာ ကျနော့်အတွက် တကယ်ကို ခက်ခဲခဲ့တာပါ။ နည်းပြအသစ် ရောက်လာတဲ့ အချိန်မှာတော့ တစ်စုံတစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောဖို့က ကျနော့်အတွက် ခက်ခဲခဲ့ပြီး အရာ အားလုံးက အတုအယောင်တွေပဲလို့ ခံစားခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
ဒယ်လီအလီရဲ့ ပြောဆိုမှုတွေကြောင့် ဘောလုံးအသိုင်းအဝိုင်းက သူ့ဘက် ရပ်တည်ခဲ့သလို စပါးအသင်းမှာ ကစား ခဲ့ချိန်က အသင်းဖော်အဖြစ် ရှိခဲ့တဲ့ ဟာရီကိန်းကလည်း သူ့ဘက်မှာ ရှိနေကြောင်း သူ့ရဲ့ရပ်တည်ချက်ကို ဖော်ထုတ် ခဲ့တာ ဖြစ်ပါတယ်။
ပိုချက်တီနဲ့ ဒယ်လီအလီကိုတွေ့ရစဉ်
ဂယ်ရီနဗီးလ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး ထွက်ပေါ်လာခဲ့တာက ဒယ်လီအလီရဲ့ ကုသရေး လုပ်ငန်းစဉ်တွေကို ပိုပြီး အရှိန်မြှင့် လာနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။ ဒယ်လီအလီဟာ အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒယ်လီအလီက “ကျနော်ဟာ ဘာစည်းကမ်းမှမရှိပဲ ကြီးပြင်းလာခဲ့ပြီး အမေကလည်း အရက်တွေ အများကြီး သောက်ပါတယ်။ ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် သူမကို ကျနော် အပြစ်လုံးဝ မတင်ပါဘူး။ ပြန်လည် ထူထောင်ရေးသွားတာက သူမကို အမှန်တကယ် နားလည်ပေးဖို့ အကူအညီဖြစ်ခဲ့ပြီး သူမ ဖြတ်သန်းခဲ့တဲ့ အရာ တွေကို ရောပါ”လို့ ပြောခဲ့ပါတယ်။
ဒယ်လီအလီဟာ မော်ရင်ဟိုက သူ့ကို စပါးအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် မှာ ကစားသမားဘဝက အနားယူဖို့အထိ စဉ်းစားခဲ့တယ်လို့ ပြောခဲ့တာပါ။
အင်္ဂလန်ကစားသမားဟာ မော်ရင်ဟို နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ ကွန်တီ လက်ထက်မှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့တာကြောင့် အဲဗာတန်အသင်းထံ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒယ်လီအလီဟာ အဲဗာတန်အသင်းမှာလည်း ပုံမှန်ခြေစွမ်းမရလို့ တူရကီကလပ် ဘက်ဆီးတပ်စ်အသင်းထံ အငှားသွားရောက် ကစားခဲ့ပါတယ်။
ဒယ်လီအလီဟာ ခြေစွမ်းပိုင်း ကျဆင်းခဲ့လို့ စိတ်ကျဝေဒနာကို ခံစားလာရတဲ့အပြင် ညဘက် အိပ်မပျော်လို့ အိပ်ဆေးညတိုင်း သောက်တာကနေ အိပ်ဆေးစွဲတဲ့ အဆင့်ထိ ဖြစ်လာခဲ့တာပါ။ အဲဒါကြောင့် ၆ ပတ်ကြာ ပြန်လည် ကုသမှု ခံယူခဲ့ရတာပါ။
ဒယ်လီအလီက “ညဘက်တွေဆို အိပ်မပျော်တဲ့အတွက် အိပ်ဆေးတွေကို သောက်ခဲ့ရပါတယ်။ အိပ်ဆေးမသောက် ရင် အိပ်မပျော်တော့လို့ အလွန်အကျွံ သောက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ကျနော်ဟာ သာမန်လူတစ်ဦး သောက် သင့်တဲ့ ပမာဏထက် ပိုပြီးသောက်ခဲ့ပါတယ်။ နာကျင်စရာတွေများလို့ သက်သာဖို့အတွက် လုပ်ခဲ့ပေမယ့် ကစား သမားဘဝကို ထိခိုက်လာခဲ့ပါတယ်။ တူရကီ ပြန်လာပြီးချိန်မှာ ခွဲစိတ်မှုလုပ်ဖို့ လိုတယ်ဆိုတာ သိလာခဲ့ပါတယ်။ စိတ် ကျန်းမာရေးအတွက်လည်း ပြန်လည်ထူထောင်တဲ့ နေရာဆီသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးသွားရမှာ သူများပြောစရာ မလိုပါဘူး”လို့ ပြောပါတယ်။
အဲဗာတန်မှာ ကစားနေတဲ့ ဒယ်လီအလီကိုတွေ့ရစဉ်
ဒယ်လီအလီဟာ အခုအချိန်မှာတော့ ဒီတိုက်ပွဲကို အနိုင်ယူဖို့နဲ့ ကွင်းထဲကို ပြန်လည်ဝင်ရောက်ပြီး မိမိဘာတွေ လုပ်နိုင်လဲဆိုတာကို အဲဗာတန်နည်းပြကို ပြသဖို့ လိုအပ်တယ်လို့ အင်တာဗျူးမှာ ထပ်ပြီး ပြောသွားခဲ့ပါတယ်။
ဒယ်လီအလီက “ကျနော့်အတွက် ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ဖန်တီးပေးနိုင်ခဲ့တဲ့ လူတွေအများကြီးကို ကျေးဇူးတင်ပါတယ်။ ဒါက ကျနော့်ကို ရဲရင့်ပြီး သန်မာစေခဲ့သလို စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အနိုင်ယူချင်ပြီး ဒါတွေကို မိမိကိုယ်ကို သက်သေပြသဖို့ အရေးကြီးပါတယ်။ ကျနော်ဟာ မကြာခင်မှာ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ကစားမှာပါ။ ဒါက ကျနော် လုပ်ချင်တဲ့ အရာဖြစ်ပြီး ကြီးမားတဲ့ ရာသီအတွက် ကြုံလာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုပြီးပြင်ထားတယ်”လို့ ပြောခဲ့ပါတယ်။
ဒယ်လီအလီ အနေနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ရာသီသစ်မှာ အဲဗာတန်အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်မလားဆိုတာ မကြာတော့တဲ့ အချိန်မှာ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: ဆောင်းပါး
- Hits: 638
CNI International Article
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆
၂၀၁၉ ခုနှစ်က လန်ဒန်ညီလာခံမတိုင်မီမှာ နေတိုးဟာ ဦးနှောက်သေသွားပြီလို့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန် ပြောခဲ့တဲ့အချိန်ကဆိုရင်တော့ ကမ္ဘာပေါင်းများစွာ ကွာလာခဲ့သလို ခံစားရပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ကြီးကို သူ့ရဲ့ ၇၄ နှစ်တာ သမိုင်းမှာ ဘယ်တုန်းကနဲ့မှမတူ တစ်မူ သွေးသစ်လောင်း သွေးစည်းသွားစေခဲ့တယ်ဆိုတာကို ယခုတစ်ပတ် လစ်သူရေးနီး ယား ညီလာခံအတွက် စိတ်အားထက်သန်မှုက ဖော်ပြနေပါတယ်။
မက်ခရွန်က “နေတိုးအဖွဲ့ကြီးဟာ မလိုအပ်ဘဲ ဝန်ထုပ်မျှရေးအပေါ်မှာ စကားများနေကြတယ်။ အဖွဲ့ဝင်တွေမှာ ဥရောပလုံခြုံရေးနဲ့ ပတ်သက်လို့ ဘုံရည်မှန်းချက်လည်း မရှိဘူး။ အကြမ်းဖက်မှုသာလျှင် နိုင်ငံအားလုံးကို ထိုးနှက်နေတဲ့ ဘုံရန်သူဖြစ်တယ်။ တရုတ်နဲ့ ရုရှားမဟုတ်ဘူး”လို့ စောဒကတက်ခဲ့ဖူးပါတယ်။
လုံခြုံရေးမှာ အမေရိကန်ပြည်ထောင်စုဟာ တဖြည်းဖြည်း အားကိုးမရတော့တဲ့အတွက် ဥရောပဟာ ပိုပိုပြီးတော့ ကိုယ့်အားကိုယ် ကိုးရတော့မယ်လို့လည်း မက်ခရွန်က ပြောကြားခဲ့ပါတယ်။
နေတိုး အဖွဲ့၀င်အဖြစ် ဖင်လန်လျှောက်ထားစဉ်
သမ္မတ ဒေါ်နယ်ထရမ့်တုန်းက တစ်ခါ ဥရောပအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စစ်သုံးစရိတ်တွေကို လျှော့ချပြီး အဖွဲ့ကြီးရဲ့ စုပေါင်းကျခံရေးမူကို ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပြန်တာကြောင့်လည်း နေတိုးရဲ့ ဝန်ထုပ်မျှ ထမ်းရေးအပေါ်မှာ သဘောထားတွေ တင်းမာလာခဲ့ရပြန်ပါတယ်။
ထရမ့်က မဟာမိတ်အဖွဲ့ကြီးထဲက အမေရိကန် နှုတ်ထွက်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ပါတယ်။ တကယ်တော့ နေတိုးဟာ ထရမ့်ရဲ့ ၄ နှစ်တာကို သီသီကလေး လွတ်လာခဲ့တယ်လို့ ပြောရမှာပါ။
လက်တွေ့အားဖြင့် ဆိုဗီယက်ကို ကြဉ်ပထားဖို့၊ အမေရိကန်ကို ထိန်းထားဖို့နဲ့ ဂျာမန်ကို နှိမ်ထားဖို့ ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဝါရှင်တန်မှာ သန္ဓေတည်လာခဲ့တဲ့ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ကြီးဟာ စစ်အေးကာလ ပြီးဆုံးသွား တဲ့အခါမှ သူ့မူလဇစ်မြစ်ကို သူမေ့နေခဲ့ပါတယ်။
ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားပြီး၊ ဝါဆောစာချုပ်လည်း ပျက်သွားသလို၊ ဂျာမနီလည်း ပြန်လည်ပေါင်းစည်း သွားတော့ အသစ်ဖြစ်တဲ့၊ ပိုစည်းလုံး၊ ပိုလုံခြုံ၊ ပိုယုံကြည်မှုရှိတဲ့ ဥရောပဟာ ပေါ်ထွက်လာခဲ့ပါတယ်။
နောက်တော့ ဘော်လကန်စစ်ပွဲတွေ ဖြစ်ပွားလာခဲ့ပြီး နေတိုးက ကြားဝင်ခဲ့ရပါတယ်။ အဲဒီနောက် အမေရိကန် အပေါ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်လာပြန်တဲ့အခါ နေတိုးဟာ သူ့သမိုင်းမှာ Article 5 ကို ပထမဆုံး အကြိမ် ထုတ်ခဲ့ပါတယ်။
ဒီနောက်မှာ နေတိုးဟာ သူ့အဝန်းအဝိုင်းကို ကျော်လွန်ပြီး အရှေ့အလယ်ပိုင်းအထိ ဖြန့်ကြက်လာသလို သူ့စစ်စွမ်းရည်ကိုလည်း အန္တရာယ်အသစ်တွေ၊ ရန်သူအသစ်တွေကို ရင်ဆိုင်နိုင်အောင် တိုးချဲ့ အသွင်ပြောင်း လာခဲ့ရပါတယ်။
ဒါပေမယ့်လည်း ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်တဲ့ အီရတ် ကျူးကျော်မှုအပေါ် သဘောထား ကွဲလွဲမှုတွေက အဖွဲ့ကြီးရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ညီညွတ်မှုကို ပျက်ပြားသွားစေခဲ့ပါတယ်။
နေတိုးညီလာခံမှာ ယူကရိန်းခေါင်းဆောင် ဇာလန်းစကီး မိန့်ခွန်းပြောနေစဉ်
၂၀၀၄ ခုနှစ်မှာ ဝန်ထုပ်တချို့ကို လျှော့ချနိုင်ဖို့ နေတိုးက ကြိုးစားခဲ့ပေမယ့်လည်း အီရတ်မှာ တည်ငြိမ်အောင် ထိန်းမထားနိုင်ခဲ့ဘဲ နောက်ဆုံး ၂၀၁၁ မှာ အရှုံးနဲ့ ဆုတ်ခွာရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
အမေရိကန်-နေတိုးရဲ့ ဒီအရှုံးတွေကို မီးမောင်းထိုးပြနေတာက အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ် (ISIS) စစ်သွေးကြွတွေ ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။
အီရတ် ကျူးကျော်မှုဟာ ကြမ္မာငင်တဲ့ အမေရိကန် အမှားတော်ပုံဆိုရင် အာဖဂန်နစ္စတန် ကျူးကျော်မှုဟာလည်း နေတိုးအတွက် ကြောက်ခမန်းလိလိ အရှက်ကွဲမှုလို့ ပြောရမှာပါပဲ။
အရင်းအနှီးကြီးတဲ့ နှစ် ၂၀ ကြာ စစ်ပွဲဟာ အရှက်တကွဲနဲ့ အဆုံးသတ်သွားခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှာ လက်လွတ်စပါယ် ရုပ်သိမ်းရာက မကျူးကျော်ခင် အခြေအနေက အတိုင်းပဲ တာလီဘန်တွေ ပြန်တက်လာကာ နိုင်ငံကို ပြန်လည် အုပ်စိုးသွားခဲ့ပါတယ်။
ဒါတွေတင် မကပါဘူး။ နေတိုးရဲ့ ၂၀၁၁ ခုနှစ် လစ်ဗျားကို စစ်ရေးစွက်ဖက်မှုဟာလည်း မိုက်မဲတဲ့ ဖြစ်ကတတ်ဆန်း လုပ်ရပ်ဆိုတာထက် မလျော့ပါဘူး။ ၈ လကြာ ဗုံးတွေကြဲပြီး ကဒါဖီ အစိုးရကို ဖြုတ်ချနိုင်ခဲ့တယ် ဆိုပေမယ့်လည်း ပိုအဆုံးအရှုံးများတဲ့ ပြည်တွင်းစစ်ကို လမ်းခင်းပေးလိုက်သလိုဖြစ်လို့ လစ်ဗျားဟာ အခုအချိန်အထိလည်း လေသင် တုန်းဖြတ် ရောဂါသည်လို ဖြစ်နေရှာပါတယ်။
သမ္မတ ဘားရက်အိုဘားမား ကိုယ်တိုင်က ဒီစွက်ဖက်မှုဟာ သူ့သမ္မတသက်တမ်းမှာ အဆိုးရွားဆုံးအမှားလို့ ဝန်ခံရတဲ့အထိပါပဲ။
ပြောရရင် အရှေ့ကို ဆန့်ထုတ် ချဲ့ထွင်လာပေမယ့်လည်း နေတိုးဟာ ၂၁ ရာစု သူ့မဟာဗျူဟာ ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်တာတော့ မဟုတ်ပါဘူး။
၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့စင်မြင့်ထက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် ပြန်လာပြီဆိုတဲ့ ကြွေးကြော် သံနဲ့ ရှေ့က နောင်တော်တွေကြောင့် ထိခိုက်ခဲ့ရတဲ့ အမေရိကန်အပေါ် ယုံကြည်မှုကို ပြန်လည်အသက်သွင်းလို့ အဖွဲ့ကြီးကိုလည်း ပြန်လည်စည်းလုံး၊ ကယ်တင်ဖို့ ကြိုးစားနေပေမယ့် လည်း ဥရောပကတော့ အမေရိကန်ကို သံသယမျက်လုံးနဲ့ပဲ ကြည့်နေခဲ့ပါတယ်။
ဒါပေမယ့် နောက်တစ်နှစ်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။ အစက ရုရှားလူမျိုး အများစု နေထိုင်တဲ့ ပြည်နယ်တွေကို ကာကွယ်ဖို့သက်သက် ရည်ရွယ်တဲ့ အကန့်အသတ်နဲ့ စစ်ဆင်ရေးကနေ နောက်တော့ ရုရှားဟာ ယူကရိန်းကို တင်းပြည့်ကျပ်ပြည့် ကျူးကျော်လာတဲ့ အခါမှာတော့ အဲဒီသံသယတွေဟာ ရုတ်တရက် ဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။
သမ္မတ ပူတင်ကတော့ သူ့သြဇာရိပ် နယ်ပယ် ဒေသတွေမှာ အမေရိကန်-နေတိုး စွက်ဖက်မှုနဲ့ အဖွဲ့ကြီးရဲ့ အရှေ့ဖက် ဂျော်ဂျီယာနဲ့ ယူကရိန်းသို့ ချဲ့ထွင်လာမှုကို ကာလကြာမြင့်စွာကတည်းက သတိပေးနေခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အတ္တလန္တစ်ဖြတ်ကျော် ဆက်ဆံရေးကို သွေးသစ်လောင်းဖို့သာ အားသန်နေတဲ့ ဝါရှင်တန်က ပူတင် စကားကို ကြားလည်းမကြား နားလည်းမထောင်ခဲ့ပါဘူး။
နှစ်ပေါင်းများစွာ ညီညွတ်မျှတနေခဲ့ရာက ပူတင်ရဲ့ ကျူးကျော်မှုကြောင့် ဥရောပ ခေါင်းဆောင်တွေဟာ သစ္စာ ဖောက်ခံလိုက်ရသလို ခံစားနေကြရပါတယ်။
ရုရှားခေါင်းဆောင် ပူတင်ကိုတွေ့ရစဉ်
အဲဒီခံစားချက်ကတစ်ဆင့် ဘိုင်ဒန်ရဲ့ သံသယနဲ့ သတိပေးချက်တွေကို ယုံကြည်ချင်စရာ ဖြစ်လာခဲ့ပြန်လို့ သူတို့ဟာ စိတ်နဲ့ကိုယ် မကပ်ဘဲ ဖြစ်နေကြပါတယ်။ သူတို့အနေနဲ့ အရှေ့ရဲ့ အန္တရာယ်အသစ်ကို ရင်ဆိုင် တွန်းလှန်ဖို့ရာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအနား တိုးကပ်သွားဖို့အပြင် ရွေးချယ်စရာ မရှိတော့ပါဘူး။
နေတိုးရဲ့ အပြင်ဘက်မှာပဲ နေမယ်လို့ အဓိဋ္ဌာန်ချထားခဲ့တဲ့ ဖင်လန်လို နိုင်ငံတွေတောင် ဘာပဲပေးရပေးရ နေတိုး ထဲ ဝင်မယ်ဆိုတဲ့ အနေအထားကို ရောက်သွားခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ နေတိုးဟာ ပူတင်ကို နောင်မှာ မိုက်မိုက်မဲမဲတွေ မလုပ်နိုင်အောင် တားဆီးဖို့အတွက် သွယ်ဝိုက်တဲ့ နည်းနဲ့ပဲဖြစ်ဖြစ် ရုရှားကို ရင်ဆိုင်ပြီး အားနည်းသွားအောင်လုပ်ဖို့ အဓိဋ္ဌာန်ထားကြပါတယ်။ နေတိုး အင်အားကြီးတွေက ယူကရိန်းကို ဒေါ်လာ ဘီလျံချီ လို့ပဲ ဖြစ်ဖြစ်၊ အဆင့်မြင့် လက်နက်တွေ၊ ဗုံးတွဲတွေနဲ့ပဲဖြစ်ဖြစ် အဖက်ဖက်က ကူညီထောက်ပံ့သွားဖို့ အဆင်သင့် ရှိကြောင်းကို ပြသခဲ့ကြပြီ ဖြစ်ပါတယ်။ ယူကရိန်းကလည်း နောက်က်ဆုံး ယူကရိန်းစစ်သား တစ်ယောက်တည်း ကျန်သည်အထိ ခံချဖို့ သန္နိဋ္ဌာန် ချထားပါတယ်။
အနောက်ကမ္ဘာက အကြီးအကျယ် မကျေလည်နေတဲ့ ကာလမှာ ပူတင်က နေတိုးအဖွဲ့ကြီးကို အဓိပ္ပာယ်သစ်၊ ရည်ရွယ်ချက်သစ်၊ မောင်းနှင်အားအသစ် အပ်နှင်းလိုက်တာပဲ ဖြစ်ပါတယ်။
သူ့စစ်ပွဲ ဘယ်လိုစခန်းသွားမယ်၊ ဘယ်အချိန်မှာ အဆုံးသတ်မယ် အသာထားလို့၊ ရုရှားအဖို့တော့ ကျင့်ဝတ်ပိုင်း၊ မဟာဗျူဟာပိုင်း ရပ်တည်မှုအခြေခံကို ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေတဲ့ မဟာမိတ်အဖွဲ့ကြီးထံကို ဆုံးရှုံး လိုက်ရတာဖြစ်ပါတယ်။
ဒီအဖွဲ့ကြီးကတော့ တိုက်ကြီးကို စစ်ဇာတ်သွင်းလို့ သူ့လက်တံကိုလည်း ကမ္ဘာအနှံ့ ဆန့််ထုတ်ဖြန့််ကြက်သွားမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။
Source: အယ်ဂျာဇီးလ်ယား