CNI International Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈

အာဖရိကတိုက်နှင့် ပတ်သက်သည့် မဟာဗျူဟာသစ် တစ်ရပ်ကို အခုနှစ် နွေရာသီတွင် ကြေညာခဲ့ပြီးနောက် ဘိုင်ဒန် အစိုးရသည် အာဖရိကခေါင်းဆောင်များဖြင့် ဝါရှင်တန်တွင် ညီလာခံတစ်ခုကို ကျင်းပခဲ့သည်။

၎င်းက ဒေါ်နယ်ထရမ့်လက်ထက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သော ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်စေဖို့ ကြိုးစားမှုတစ်ရပ်ပင် ဖြစ်သည်။

အာဖရိကနှင့်ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်းက ကမ္ဘာ့မျက်နှာစာ အသီးသီးမှာ ကျဆင်းလာသည့် အမေရိကန်၏ လွှမ်းမိုးမှုများကို ပြန်လည် အဖတ်ဆယ်မည့် ဘိုင်ဒန်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

လက်တင်အမေရိက၊ အင်ဒို-ပစိဖိတ်၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် အမေရိကန်၏ ပြိုင်ဘက် နိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံက စီးပွားရေး၊ မဟာဗျူဟာရေး ကဏ္ဍများမှာ များစွာရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အာဖရိကတိုက်တွင် တရုတ် ပါဝင်နေမှုက အမေရိကန်အတွက် စိတ်ရှုပ်ထွေးစရာပင်။ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အာဖရိကတိုက်အပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုသည် ပြင်သစ်၊ ဗြိတိန်တို့လို ယခင်ကိုလိုနီ နိုင်ငံများ အပါအဝင် အနောက် အင်အားကြီး နိုင်ငံများအားလုံးထက် ပို၍ အရှေ့ရောက်ခဲ့သည်။

Francafrique ကဲ့သို့ ခေတ်သစ်ကိုလိုနီ စီမံကိန်းသည်ပင် ရုရှား၏ ပါဝင်မှုကြောင့် မာလီ၊ ဗဟိုအာဖရိကနှင့် ဆာဟာရဒေသ နယ်စပ်များတွင် ကျရှုံးခဲ့ရပြီး ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် တိုဂို၊ ဂါဘွန်နှင့် ရဝမ်ဒါတို့လည်း ပြီးခဲ့သည့် နှစ်များအတွင်း ၎င်းတို့၏ အကျိုးစီးပွားအတွက် ဗြိတိန် သို့မဟုတ် တရုတ်ကို ရွေးချယ်သွားခဲ့ကြသည်။

 

ဘိုင်ဒန်နဲ့ အာဖရိက ခေါင်းဆောင်များကို တွေ့ရစဉ်

ဆိပ်ကမ်းမှသည် ဓာတ်အားပေး စက်ရုံအထိ ပါဝင်သော ငွေချေးမှု၊ အကြီးစား စီမံကိန်းများနှင့် နည်းပညာပိုင်း ဆိုင်ရာ စီမံကိန်းများဖြင့် တရုတ်၏ အာဖရိကဒေသတွင်း ပါဝင်မှုများက အမေရိကန်လို တခြားအင်အားကြီး နိုင်ငံများအတွက် ယှဉ်ပြိုင်ရန် ခက်ခဲစေသည်။

ချေးငွေးများကို ပြန်မဆပ်နိုင်လျှင် နိုင်ငံပိုင် လုပ်ငန်းများအား တရုတ်က သိမ်းယူနိုင်သည့် အန္တရာယ်ရှိသော်ငြား ကိုဗစ်နှင့်အတူ ဖြစ်ပေါ်သော စိန်ခေါ်မှုများစွာ ရှိနေသော အခြေအနေမှာပင် တရုတ်နှင့် အာဖရိကတို့ကြား အပြန်အလှန် ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၂၅၄ ဘီလီယံ၊ ၂၀၂၀ ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးရာ ကိစ္စများထက် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ပိုပြီး ဇောင်းပေးသည့် တရုတ်၏ ရပ်တည်ချက်ကလည်း ဘိုင်ဒန်အစိုးရ၏ စီမံကိန်းထက် အာဖရိကတိုက်နှင့်ပို၍ ကိုက်ညီမှုရှိသည်။ အာဖရိကသည် လွန်ခဲ့သော ၂ နှစ်အတွင်း၌ပင် အာဏာသိမ်းမှုများစွာ ပေါ်ပေါက်ခဲ့ရာ ဒေသတစ်ခုလည်း ဖြစ် သည်။

၂၀၂၀ တွင် မာလီ၌ အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ မတ်လတွင် နိုင်ဂျာ၌ အာဏာသိမ်းရန် ကြံစည်မှု ပေါ်ပေါက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်နှစ်ထဲမှာတင် ချက်ဒ်၌ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ နှင့် အောက်တိုဘာတို့တွင် ဂီနီယာနှင့် ဆူဒန်တို့၌ အာဏာသိမ်းမှုများ အသီးသီး ပေါ်ပေါက်ခဲ့ ပြန်သည်။

ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကပင် အာဖရိက၌ အာဏာသိမ်းမှုဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေပြီဟု ပြောယူခဲ့ရသည်။

ရှီကျင့်ဖျင်နဲ့ အာဖရိကခေါင်းဆောင် တစ်ဦးကို တွေ့ရစဉ်

အမေရိကန်သည် လူ့အခွင့်အရေးအတွက် ပြယုဂ်တစ်ခု မဟုတ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုအခြေအနက လူ့အခွင့်အရေးထက် ပထဝီနိုင်ငံရေး အခြေအနေများကို ပိုပြီးဦးစားပေးခဲ့ကာ ထုတ်ဖော်ထားသော တန်ဖိုးများ ထက် အကျိုးစီးပွားကိုသာ ပိုပြီး ဦးစားပေး လျက်ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် အာဖရိကတိုက်အတွင်းမှ ဒီမိုကရေစီရေးရာ ဆုတ်ယုတ်မှုများက အမေရိကန်အတွက် ထိခိုက်မှု မရှိသော အခြေအနေပင် ဖြစ်သည်။

ခေါင်းဆောင်မှု ကောင်းရှိနေခြင်းက အာဖရိကနိုင်ငံများအတွက် ချမ်းသာသော၊ အင်အားကောင်းသော တခြား နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ရာတွင် ပို၍ ကောင်းမွန်သော ရလာဒ်များကို ဖြစ်လာစေမည်ဖြစ်သည်။

ထို့အပြင် ဘိုင်ဒန်အစိုးရ အနေဖြင့် ၎င်းတို့ ပြောဆိုခဲ့သလို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကိစ္စ ရပ်များတွင် ၎င်းတို့ ပြောဆိုခဲ့သလို အင်အားမြှင့်တင်ရန် အခွင့်အရေး ရရှိခဲ့ပါလျက် မည်သည့် အတွက်ကြောင့် လက်လွှတ် ခံခဲ့ပါသလဲဟု မေးခွန်းထုတ်ရန် ဖြစ်လာသည်။

ဘိုင်ဒန်သည် ယခုနှစ် အစောပိုင်းတွင် ထိုသို့သော အခွင့်အရေး မျိုးရရှိခဲ့သည်။ ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ဖြစ်ပွားပြီး အမေရိကန်သည် ကုလသမဂ္ဂတွင် အာဖရိကနိုင်ငံများ၏ ထောက်ခံမှုကို မရရှိခဲ့ပေ။

ကုလလူ့အခွင့်အရေးကောင်စီ၌ ရုရှား၏ အဖွဲ့ဝင် ဖြစ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ရန် မူကြမ်းအပေါ် မဲပေးရာတွင် အာဖရိက ၅၄ နိုင်ငံမှ ၁၀ နိုင်ငံကသာလျှင် ထောက်ခံကြောင်း မဲပေးခဲ့သည်။ ၉ နိုင်ငံက ကန့်ကွက်ခဲ့ကာ ကျန်နိုင်ငံ များက ကြားနေ သို့မဟုတ် မဲပေးမှု မလုပ်ခဲ့ကြပေ။ အဆိုးရွားဆုံး အခြေအနေမှာ အမေရိကန်၏ အာဖရိကဒေသ အကြီးဆုံး မိတ်ဖက်ဖြစ်သော တောင်အာဖရိကနိုင်ငံကပါ ကြားနေအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

ရှီကျင့်ဖျင်၊ ပူတင်နဲ့ အာဖရိက ခေါင်းဆောင်တစ်ဦးကိုတွေ့ရစဉ်

လက်ရှိအချိန်တွင် ဘိုင်ဒန်အစိုးရက ၎င်းတို့အနေဖြင့် အာဖရိကဒေသကို တစ်ဖက်သတ် ဦးဆောင်ခြင်းမျိုး မဟုတ် ဘဲ အပြန်အလှန် အကျိုးစီးပွားနှင့် အပြန်အလှန် လေးစားမှုတို့ကို အခြေခံသည့် အစီအစဉ်ဖြင့် အိုဘားမား အစိုးရ လက်ထက်မှ လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားလိုသည်ဟု ပြောသည်။

အာဖရိကအတွက် အကောင်းဆုံး အကျိုးဖြစ်ထွန်းစေမယ့် မူဝါဒများ ဆောင်ရွက်ခြင်းဖြင့် အာဖရိကမှ မိတ်ဆွေများ အပေါ် အမိန်ပေးခြင်းမျိုး မဟုတ်ဘဲ ဆွေးနွေး နားထောင်ပေးသွားမည်ဟုလည်း ကတိပြုသည်။ အမေရိကန်တို့၏ သဘောထားမှာ အာဖရိကနိုင်ငံများကို တရုတ်နှင့်အမေရိကန် မည်သည့်ဘက်တွင် နေသွားမည်လဲကို ရွေးချယ်ရန် တောင်းဆိုသွားမည် မဟုတ်ဘဲ ရွေးချယ်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် ရှိနေပေးမည့် အနေအထားဖြစ်သည်။

ထို အနေအထားမျိုးက အာဖရိကတိုက် ခေါင်းဆောင်များအတွက် တရုတ်ကိုပို၍ အလေးသာ စေမည်မှာ မှန်သော် လည်း ပြုလုပ်ခဲ့သော စစ်တမ်း ကောက်ယူမှုများတွင်တော့ အာဖရိက ဒေသခံများတွင် အမေရိကန်နှင့် ပတ်သက် သည့် အကောင်းမြင်မှု ရှိနေဆဲဆိုသည်ကို ဖော်ပြနေသည်။

အမေရိကန်သည် အာဖရိက နိုင်ငံများအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကောင်းမွန်သော လွှမ်းမိုးမှု ရှိသည်ဟု ယုံကြည်သူ အရေအတွက်မှာ ၆၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ ၎င်းက တရုတ်၏ ၆၃ ရာခိုင်နှုန်းထက် အနည်းငယ်သာ ကွာဟသည်။

ထို့နောက် ရုရှားက ၃၅ ရာခိုင်နှုန်းနှင့် ကိုလိုနီ နိုင်ငံဟောင်းများက ၄၆ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်နေသည်။ ၎င်းက အာဖရိကန်များ အနေဖြင့် ၎င်းတို့၏ နိုင်ငံခြားဆက်ဆံရေး အခြေအနေများကို သူသေ-ငါရှင် သဘောမျိုး ရှိမနေသည်ကို ညွှန်းဆိုကာ ၎င်းတို့အနေဖြင့် တခြားအင်အားကြီး နိုင်ငံတစ်ခုခုနှင့် မပတ်သက်ဘဲ မနေလိုသည် ကိုလည်း ဖော်ပြနေသည်။

အာဖရိက ခေါင်းဆောင်များ အနေဖြင့် နိုင်ငံတစ်ခုခုကို အပြီးသတ် ရွေးချယ်လိုက်သည်ထက် ၎င်းတို့ အကျိုးစီးပွား ကို ရှေးရှုကာ ရောနှောနေထိုင်နေကြခြင်း ဖြစ်သည်။

မိတ်ဖက်နိုင်ငံအဖြစ် ရွေးမည်ဆိုလျှင် အမေရိကန်သည် တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့သလောက်ကို ဦးစွာ ဆောင် ရွက်ရမည် ဖြစ်သည်။ သို့သော် အိုဘားမား အစိုးရလက်ထက် ညီလာခံ ဆောင်ရွက်ပြီးနောက် နောက်ထပ် ညီလာခံ တစ်ခုကို ကျင်းပရန် ၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ခြင်းနှင့် ထိုကာလအတွင်း မည်သည့်ဆက်စပ် ဆောင်ရွက်မှုမှ မလုပ် ဆောင်ခဲ့ခြင်းက ပြောစရာအဖြစ် ရှိနေသည်။

 

ဆူဒန်အာဏာသိမ်းမှု ဆန့်ကျင်နေသူများကိုတွေ့ရစဉ်

ထိုသို့ မလုပ်ဆောင်ခဲ့ခြင်းအပြင် ဒေါ်နယ်ထရမ့် လက်ထက် ဝေဖန်မှုများနှင့် အာဖရိကနိုင်ငံများကို “ ချီးထုပ် နိုင်ငံများ” ဟု ပုတ်ခတ်ခဲ့ခြင်းကလည်း အမေရိကန် - အာဖရိက ဆက်ဆံရေး ပြန်လည် ရင်ကြားစေ့စေရန် ခက်ခဲစေလျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ပြီးနောက် ဘိုင်ဒန်အစိုးရသည် အာဖရိကတွင် မြင့်တက်လာ သော စိန်ခေါ်မှုများကို အမေရိကန်ဘက်က ကူညီဖြေရှင်းပေးလိုသည်ဟု ယခုပြောလာပြီ ဖြစ်သည်။

ကူညီလိုသော ကဏ္ဍများတွင် “ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီ နောက်ကြောင်း ပြန်မှု၊ ကူးစက်ရောဂါ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုများ ပါဝင်သည်ဟု အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။ အာဖရိကဒေသသည် ဆင်းရဲမွဲတေမှု၊ မလုံခြုံမှု၊ ဦးဆောင်သူ ညံ့ဖျင်းမှု စသည်တို့နှင့် ရုန်းကန်နေရသော ဒေသလည်း ဖြစ်သည်။

ထိုသို့သော စိန်ခေါ်မှုများကို ဖြေရှင်းရန် အမေရိကန် ပြည်ထဲရေးဌာနက ၎င်းတို့၏ အာဖရိက မဟာဗျူဟာသစ် တွင် မလုံခြုံမှု၊ အကြမ်းဖက်မှုများကို ဖြစ်စေသည့် အကြမ်းဖက်ဝါဒကို တွန်းလှန်ရန်၊ လုံခြုံရေးကို မြှင့်တင်ရန် စသည့် အကြောင်းအရာများထက် စီးပွားရေးကို မြှင့်တင်ရန်၊ အစားအစာလုံခြုံမှု၊ ပညာရေးနှင့် လူငယ် ဦးဆောင်မှု တို့ကို မြှင်တင်ရန် စသည်တို့ကိုသာ ဦးစားပေး ထားသည်။

ထိုသို့ ပျော့ပြောင်းပြီး ယေဘူယျ ဆန်သော သံတမန်ရေးရာ အကြောင်းအရာများကို ဦးစားပေးထားခြင်းကြောင့် လည်း ဘိုင်ဒန်အစိုးရ၏ အာဖရိကဒေသနှင့် ပတ်သက်သည့် အလေးအနက်ထားမှုသည် အပြောသက်သက်ပဲလား ဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာပြန်သည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် ခိုင်မာသည့် လုပ်ဆောင်ချက်များ မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်ပြီး ပုဂ္ဂလိက နှင့် အများပိုင်ဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုပုံစံများကို ချီးမြှင့်ခြင်း၊ G20 တွင် အာဖရိက သမဂ္ဂ၏ပါဝင်မှုကို ထောက်ပံ့အားပေးခြင်းနှင့် လာမည့်နှစ် အနည်းငယ်အတွင်း အမေရိကန်-အာဖရိက ညီလာခံတစ်ခုကို ထပ်မံကျင်းပကာ ယခုနှစ် ညီလာခံမှ ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။

ထိုသို့သော အခြေအနေများကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် ၎င်းတို့သည် အာဖရိကကို မေ့မထားကြောင်း အာဖရိကတိုက် တစ်ခုလုံးကို သိအောင်ပြရန် မဖြစ်မနေ လိုအပ်နေမည်ဖြစ်ကာ ထိုသို့မဟုတ်ပါက အာဖရိက တိုက်၏ မေ့ထားခြင်းကို ခံရမည်မှာ သေချာသည်။

Source: အယ်ဂျာဇီးယား

အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသော Marwan Bishara ၏ “The US scramble for Africa” ဆောင်းပါး ကို CNI သတင်းဌာနက ဆီလျှော်အောင် ဘာသာပြန်ဆို ထားပါသည်။