- By CNI
- Category: ဆောင်းပါး
- Hits: 564
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင် ဝိန်းရွန်နီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်တာ ရက်ပေါင်း ၈၂ ရက်သာ ရှိသေးပေမယ့် ရလဒ်ဆိုးတွေကြောင့် အသင်းဘက်က သူ့ကို စိတ်ရှည်သည်းခံမှု အဆုံးသတ်သွားခဲ့တာပါ။
ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ ယူနိုက်တက်အသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝကတော့ အလွန်ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တာကြောင့် အားလုံးရဲ့အထင်ကြီးမှုကို ရခဲ့ပြီး နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမယ့် ဝိန်းရွန်နီရဲ့ နည်းပြဘဝ အစဟာ ဆိုးရွားမှုတွေနဲ့သာ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဒါဘီအသင်းရဲ့ ကစားသမားအဖြစ်ကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် ပြောင်းလဲပြီး နည်းပြ လောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ နည်းပြဘဝ ပထမရာသီမှာ ဒါဘီအသင်းကို တန်းဆင်းမယ့် အန္တရာယ်ကနေ လွတ်မြောက်အောင် ကိုင်တွယ်နိုင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယရာသီမှာတော့ ဒါဘီအသင်းဟာ ရမှတ် ၂၁ မှတ်အထိ အလျှော့ခံခဲ့ရတာကြောင့် ဝိန်းရွန်နီအတွက် ခက်ခဲခဲ့ပြီး အသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားခဲ့ရပါတယ်။
ဒါဘီအသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားပြီး နောက်မှာ ဝိန်းရွန်နီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
ဝိန်းရွန်နီကို တွေ့ရစဉ်
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်းဟာ ဒါဘီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၈၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၈.၂ ရာခိုင်နှုန်းသာရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ ဒါဘီအသင်းကနေ ထွက်ခွာအပြီး ရက်အနည်းငယ်အကြာမှာ အသင်း ဟောင်း ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းရဲ့ ပွဲဦးထွက်မှာ အဖွင့်လှခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းဟာ ရလဒ်တွေဆိုးခဲ့ပြီး မနှစ်ကရာသီမှာ မေဂျာလိဂ်ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။
အဲ့ဒါကြောင့် နှစ်ဦးသဘောတူညီမှုနဲ့ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၅၃ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၆.၄ သာရှိခဲ့တာပါ။
ဝိန်းရွန်နီ အတွက်တော့ နည်းပြ အလုပ်အကိုင်က မရှားခဲ့ဘဲ ဒီစီယူနိုက်တက်အသင်းက ထွက်ခွာပြီး ရက်ပိုင်း အကြာမှာ ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီ မကိုင်တွယ်ခင်က ဘာမင်ဂမ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်မယ့် ပလေးအော့ဖ် ဝင်ခွင့်အဆင့် နေရာမှာ ရပ်တည်နေတာပါ။
အဲ့ဒါကြောင့် အသင်းတာဝန်ရှိသူတွေက ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီရဲ့ ဘာမင်ဂမ်အသင်း တာထွက်ခရီးဟာ မလှပခဲ့ဘဲ အဖွင့် ၅ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ဝိန်းရွန်နီဟာ မထုတ်ပယ်ခံရခင် အချိန်အထိ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ဘာမင်ဂမ်အသင်းရဲ့ အဆင့်ကလည်း သူမကိုင်တွယ်ခင်က အဆင့် ၆ ကနေအဆင့် ၂၀ နေရာအထိ ရောက်ရှိသွား ခဲ့တာ ဖြစ်ပါတယ်။
ဒီရလဒ်တွေဟာ ဘာမင်ဂမ်အသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် လက်ခံနိုင်စရာ မရှိခဲ့တဲ့အတွက် အဆုံးသတ်ဟာ မလှပခဲ့တာပါ။
ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၁၃.၃ သာရှိခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီကို တွေ့ရစဉ်
ဒါဘီနဲ့ ဒီစီယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ခဲ့တုန်းက မအောင်မြင်ခဲ့လို့ အရမ်းကြီး ဝေဖန်မခံခဲ့ရတဲ့ ဝိန်းရွန်နီ ဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ချိန်မှာတော့ ဝေဖန်မှု အပြင်းအထန်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီအတွက်တော့ အဆင့် ၆ နေရာက အသင်းကို အဆင့် ၂၀ နေရာအထိ ရောက်အောင် ပို့ဆောင်ခဲ့တာ ကြောင့် ဝေဖန်ခံရဖို့ ထိုက်တန်ပေမယ့် သူကတော့ ကိုင်တွယ်ခဲ့တဲ့ အချိန်နည်းပါးခဲ့တာကြောင့် သူလိုချင်တဲ့ ပုံစံအတိုင်း ရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူဦးမယ်လို့ ပြောထားပြီး နည်းပြလောကထဲကို အလောတကြီး ပြန်ဝင်လာဖို့ မရှိသေးတာပါ။
ဝိန်းရွန်နီဟာ အနာဂတ်မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်တယ်လို့ ပြောထားသလို အသင်းရဲ့ အနာဂတ် နည်းပြလောင်း စာရင်းမှာ ပါဝင်နေပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ဆိုရင် အခြားအသင်းတွေမှာ အောင်မြင်မှုရအောင် ပြုလုပ်ပြီး ကိုင်တွယ်ခွင့်နဲ ထိုက်တန်တဲ့ သက်သေပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 648
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
မန်စီးတီးအသင်းဟာ မကြာသေးခင်က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၃ ခုနှစ်ထဲမှာ အဓိကဆုဖလားကြီးတွေဖြစ်တဲ့ ပရီးမီးယား လိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားတွေကို ပိုင်ဆိုင် နိုင်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံရလောက် အောင် ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း ဆုဖလားများစွာနဲ့အတူ တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ပေမယ့် အချိန်တန်ရင် ဆုဖလားသိမ်းပိုက်တာ မန်စီးတီးအသင်း ဖြစ်နေတဲ့အထိ ရပ်တန့်ဖို့ ခက်ခဲခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီလိုမျိုး သမိုင်းဝင် အောင်မြင်မှုတွေ၊ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရအောင် တွေအတွက် အစပျိုးခဲ့တာကတော့ ရှိတ်မန်ဆော် ဦးဆောင်တဲ့ အဘူဒါဘီ အစုအဖွဲ့က ၂၀၀၈ ခုနှစ်မှာ အသင်းကို ဝယ်ယူခဲ့တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဘူဒါဘီအစုအဖွဲ့ဟာ မန်စီးတီးအသင်း အောင်မြင်မှုတွေ ရရှိအောင် အများပြောသလို ရေနံလောင်းပြီး ကစားသမားသစ်တွေ အားဖြည့်ပေးခဲ့တာပါ။
မန်စီးတီးအသင်း ဒီလိုငွေကြေး သုံးစွဲခဲ့ပေမယ့် အောင်မြင်မှုရဖို့ စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၁-၁၂ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စတင်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုကနေ စတင်ပြီး မန်စီးတီးအသင်းဟာ ဆုဖလားအောင်မြင်မှုတွေကို တောက်လျှောက်ဆိုသလို ရယူခဲ့ကာ အင်္ဂလန်မှာ မင်းမူနေတဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ကို အသာရလာခဲ့တာပါ။
မန်စီးတီးအသင်းပိုင်ရှင် ရှိန်မန်ဆော်တို့ကိုတွေ့ရစဉ်
မန်စီးတီးအသင်း အင်္ဂလန်မှာ ကြီးစိုးနိုင်ဖို့ အဓိကဖြစ်လာခဲ့တဲ့ အရာကတော့ ၂၀၁၆ ခုနှစ်မှာ ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်လိုက်တာပါပဲ။
ဂွာဒီယိုလာဟာ သူ့ရဲ့ပထမဆုံးရာသီမှာ မန်စီးတီးအသင်းကို ဆုဖလားရယူဖို့ထက် ကစားကွက် နည်းစနစ်တွေနဲ့ အသင်းကို စိတ်ကြိုက်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပွဲဦးထွက်ရာသီမှာ အောင်မြင်မှုတွေရအောင် မလုပ်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ပရီးမီးယားလိဂ်ဆုဖလား အပါအဝင် ဆုဖလားအများအပြားကို အကြိမ်ကြိမ် ရယူပေးနိုင်ခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့သလို ပြည်တွင်းဖလား အများအပြားကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ မန်စီးတီးအသင်းရယူဖို့ ချန်ပီယံလိဂ်ဖလားဆိုတဲ့ ဥရောပမှာရှိတဲ့ အသင်းတိုင်း လိုချင်နေတဲ့ ဆုဖလား သာ ကျန်ရှိတော့တာပါ။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ဖို့ အချိန်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ အားလုံးဝေဖန်သံတွေ တိတ်သွားအောင် ၂၀၂၃ ခုနှစ်ထဲမှာ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာကို ဖီဖာကလပ်ကမ္ဘာ့ဖလားဆုနဲ့အတူ တွေ့ရစဉ်
ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့မှုကြောင့် ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာလည်း မန်စီးတီးအသင်းဟာ ချန်ပီယံဆုတွေ ဆက်တိုက်သိမ်းပိုက်ကာ ၂၀၂၃ ခုနှစ်ထဲမှာ ကမ္ဘာ့အကောင်း ဆုံး အသင်းအဖြစ် ဖြစ်လာခဲ့ရပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူပေးခဲ့ပြီးပြီဖြစ်လို့ နောက်ထပ် စာအုပ်အသစ်ဝယ်ကာ သမိုင်းသစ်ထပ်ရေးဖို့ သူ့ရဲ့ကစားသမားတွေကို တိုက်တွန်းထားခဲ့တာပါ။
ဂွာဒီယိုလာကတော့ ၂၀၂၄ ခုနှစ်ထဲမှာ ၂၀၂၃ ခုနှစ်က ရယူနိုင်ခဲ့တဲ့ ဆုဖလား ၅ လုံးထက် ပိုပြီး ရယူနိုင်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရပေမယ့် အချိန်တန်ရင် မန်စီးတီးအသင်းကပဲ ဆုဖလားတွေကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့အတိုင်း ဆုဖလားတွေ အများအပြားကို ထပ်ပြီး ရယူနိုင်မလားဆိုတာတော့ ၂၀၂၄ ခုနှစ်ထဲမှာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 685
CNI Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲစတင် ဖြစ်ပွားလာခဲ့ချိန်ကတည်းက တရုတ်သည် သူ့ကိုယ်သူ မရှိမဖြစ် ကြားဝင်စေ့စပ်သူတစ်ဦးအဖြစ် ဖော်ပြရန် သံတမန်ရေးအရ တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့သည်။
ယခုနှစ်အစောပိုင်းက အီရန်နှင့် ဆော်ဒီအာရေဗျအကြား ဆက်ဆံရေးများ ပုံမှန်ပြန်လည်ထူထောင်ရန် တရုတ်က ကြားဝင်စေ့စပ်ပေးနိုင်ခဲ့သဖြင့် ယခုအကြိမ်တွင်လည်း တရုတ်သည် အစ္စရေးနှင့် ဟားမာ့စ်အကြား ကြားဝင်စေ့စပ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ကြီးမားစွာ ထွက်ပေါ်လျက်ရှိသည်။
သို့သော် လက်ရှိအချိန်အထိ တရုတ်သည် ဂါဇာဒေသအတွက် အားထုတ်ကြိုးပမ်းမှု အနည်းငယ်သာ ရှိခဲ့သဖြင့် အစ္စရေး-ဟားမာ့စ်ပဋိပက္ခကို ကြားဝင်စေ့စပ်မှုတွင် တရုတ်၏ အခန်းကဏ္ဍအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ သည်။
အစ္စရေးစစ်သားတွေကိုတွေ့ရစဉ်
ထိုမေးခွန်းများအတွက် အဖြေတစ်ခုကို ထွက်ပေါ်စေရန် ထည့်သွင်းစဉ်းစားရမည့် အချက် ၃ ချက်ထက်မနည်း ရှိနိုင်သည်။
ပထမအချက်မှာ တရုတ်ခေါင်းဆောင်များက အရှေ့အလယ်ပိုင်းဒေသသည် တရုတ်နှင့် သက်ဆိုင်သည့်် ဒေသတစ်ခုဖြစ်သည်ကို အများက ယူဆစေချင်ခြင်းကြောင့် ဖြစ်သည်။
တရုတ်သည် သူ့ကိုယ်သူ တာဝန်ခံမှုရှိသည့် အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများ မရှိပါက ထိုအခြေအနေသည် မခန့်မှန်းနိုင် လောက်သည့် အခြေအနေမျိုးအထိ ရောက်ရှိသွားစေနိုင်သည်။
တရုတ်သည် ၎င်း၏ စီးပွားရေး ဆက်ဆံမှုများကို အမျိုးမျိုး ပြောင်းလဲလုပ်ဆောင်နေပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းနိုင်ငံများ အထူးသဖြင့် ဆော်ဒီအာရေဗျ၊ ယူအေအီးနိုင်ငံတို့နှင့် နိုင်ငံရေး ဆက်ဆံရေးများကို တိုးမြှင့်လျက်ရှိသည်။
တရုတ်သည် အမေရိကန်ကဲ့သို့ လုံခြုံရေးကဏ္ဍကို ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးသည့်တိုင် အမေရိကန်ကဲ့သို့ လုံခြုံရေးကဏ္ဍကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေမျိုးအထိ ရောက်ရှိစေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ နိုင်ငံရေးမူဝါဒ ရည်မှန်းချက်တစ်ခုမှာ ဒေသတွင်း လုံခြုံရေးနှင့် နိုင်ငံရေး ကိစ္စများတွင် တရုတ်၏ ပါဝင်မှုကို မြှင့်တင်ရန်ဖြစ်ပြီး တရုတ်နိုင်ငံကို အဓိက ပထဝီနိုင်ငံရေး အင်အားစု တစ်ခုအဖြစ် ရပ်တည်နိုင်ရည် ဖြစ်သည်။
ဒုတိယအချက်မှာ တရုတ်နိုင်ငံအတွက် အစ္စရေး-ဟားမာ့စ် အကျပ်အတည်းသည် အာရပ်နိုင်ငံများ၊ အစ္စလာမ်မစ် နိုင်ငံများနှင့် ၎င်း၏ ဆက်ဆံရေးနှင့် ရပ်တည်ချက်ကို မြှင့်တင်နိုင်ရန် အလမ်းတစ်ခုဖြစ်သည်။
အမေရိကန်သမ္မတကို တွေ့ရစဉ်
ထိုအချက်သည် စစ်အေးကာလ တစ်လျှောက်လုံး တရုတ်က ကျင့်သုံးလာခဲ့သည့် မူဝါဒတစ်ခုဖြစ်ပြီး ထိုမူဝါဒကို ဆက်လက်ကျင့်သုံးကာ အာရပ်နိုင်ငံများအကြား တရုတ်၏ ချစ်ခင်ရင်းနှီးမှုများကို ရယူရန်ဖြစ်သည်။
တတိယအချက်မှာ ဂါဇာပဋိပက္ခမဖြစ်ပွားခင် အလွန်ကြာမြင့်လှသည့် အချိန်ကာလကတည်းက တရုတ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လုံခြုံရေး ပဲ့ကိုင်ထိန်းကျောင်းသူ အသစ်တစ်ဦး ဖြစ်လာစေရန် အဆိုပြုခဲ့ခြင်းကြောင့် ဖြစ်သည်။
ရှီ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအစဉ် (GSI) ဟု ခေါ်သည့် စီမံကိန်းအရ ပူးပေါင်းဆောင်ရွက်မှုရှိသည့်၊ ပြည့််စုံ ကျယ်ပြန့်သည့်၊ ပူးပေါင်းဆောင်ရွက်မှုရှိသည့် ရေရည်တည်တံ့မှုရှိသော လုံခြုံရေးအခင်းအကျင်း အသစ်တစ်ခု အပေါ် အခြေခံသွားမည်ဟု ဖော်ပြခဲ့သည်။
ထိုအစီအစဉ်ကို အရှေ့အလယ်ပိုင်း နိုင်ငံများက ဦးဆောင်မည်ဖြစ်ကာ ကုလသမဂ္ဂ၏ ပဋိညာဉ်နှင့် မူဝါဒများ အတိုင်း လိုက်နာပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများမှတစ်ဆင့် အကောင်အထည်ဖော်သွားမည်ဟု ဖော်ပြခဲ့သည်။
GSI ၏ အနှစ်သာရသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ကွဲပြားခြားနားသည့် အစီအစဉ် တစ်ခု ဖြစ်ပြီး အနောက်နိုင်ငံများနှင့် အမေရိကန်က ဦးဆောင်သည့် အင်အားစုများ၏ စံချိန်စံညွှန်းများနှင့် ကွဲလွဲလျက် ရှိသည်။
တရုတ်၏ GSI အစီအစဉ်သည် ဒီမိုကရေစီ တန်ဖိုးများကို မျှဝေပြီး မတူကွဲပြားမှုများကို အခြေခံမည့် လုံခြုံရေး ကဏ္ဍအစား ညှိနှိုင်းပြေလည်မှု၊ ဆွေးနွေးမှုနှင့် အတူယှဉ်တွဲနေထိုင်မှုတို့အပေါ် အခြေခံသည့် လုံခြုံရေး အစီအစဉ် ဖြစ်သည်။
အချုပ်ဆိုရပါက တရုတ်သံတမန်များအတွက် အမေရိကန်တို့ အောင်မြင်ခဲ့ခြင်းမရှိသည့် နယ်ပယ်ကဏ္ဍများတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးသည် ဦးစားပေးကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။
ဥပမာတစ်ခုကို ပြရမည်ဆိုပါက ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းသွား ခဲ့ပြီးနောက် အာဏာရလာခဲ့သည့် တာလီဘန်အုပ်ချုပ်သူများကို တရုတ်က ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။
အီရန်သမ္မတနဲ့ တရုတ်သမ္မတကိုတွေ့ရစဉ်
တရုတ်သည် တာလီဘန်အဖွဲ့နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တာလီဘန်တို့၏ သဘော ထား အလယ်အလတ်ရှိသည့် ပြည်ထဲရေးမူဝါဒများ အကောင်အထည် ဖော်စေရန် ဆန္ဒရှိခဲ့သည်။
ထို့အတူ တရုတ်သည် လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းသည်ဟု နိုင်ငံတကာက သတ်မှတ်ထားသည့် ရုရှားနှင့် အီရန်နိုင်ငံတို့ဘက်မှ ရပ်တည်ပေးခဲ့သည်။
တရုတ်၊ ရုရှားနှင့် အီရန်တို့က အမေရိကန်၏ ကျရှုံးမှုသည် ၎င်းတို့ ၃ နိုင်ငံ၏ ခေါင်းဆောင်မှုအပိုင်းနှင့် လုံခြုံရေး အခင်းအကျင်းသစ်အတွက် အောင်မြင်မှုတစ်ခု ရရှိလာစေနိုင်သည့် အခြေအနေတစ်ရပ်အဖြစ် အသိအမှတ်ပြု လက်ခံထားကြသည်။
ထို့ကြောင့် တရုတ်အနေနှင့် အစ္စရေး-ဟားမာ့စ် ပဋိပက္ခကို အမှန်တကယ် ကြားဝင်စေ့စပ်ပေးလိုသည့်ဆန္ဒ ရှိမည်ဆိုပါက ၎င်း၏ ကြားနေရပ်တည်မှု သဘောထားတွင် ဆန့်ကျင်ဘက်ဖြစ်စေမည့် အချက်များကို ပထမဆုံး အကြိမ် ဖြေရှင်းရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တရုတ်သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အာရပ်၊ အစ္စလာမ်မစ်နိုင်ငံများနှင့် တစ်သားတည်းရှိကြောင်း ပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။
ကြားနေဝါဒသည် အောင်မြင်သည့် ကြားဝင်စေ့စပ်ညှိနှိုင်းမှုများအတွက် ကြိုတင်သတ်မှတ်ချက်တစ်ခု မဟုတ် သော်လည်း သမာသမတ်ကျသည့် ရပ်တည်ချက်တစ်ခုတော့ မဟုတ်ပေ။
ထို့ကြောင့် တရုတ်အနေနှင့် အစ္စရေး-ဟားမာ့စ် ပဋိပက္ခကို အောင်မြင်စွာ ကြားဝင်စေ့စပ်နိုင်ပြီး ၎င်း၏ သြဇာ လွှမ်းမိုးမှုကို မြှင့်တင်လိုပါက လက်တွေ့ကျပြီး လိမ္မာပါးနပ်မှုရှိသည့် သံတမန်ပရိယာယ်တစ်ခုဖြင့် ဂရုတစိုက် ချဉ်းကပ်ရန် လိုအပ်လှပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 1754
CNI Sport Article
၂၀၂၃ ခုနှစ်၊ မတ်လ ၂၆
ရော်နယ်ဒို အတွက်တော့ ကစားတဲ့ ပွဲတိုင်းမှာ စံချိန်တွေ တင်နေတာဖြစ်ပြီး အခုလည်း နိုင်ငံတကာ ပွဲအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကို တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ လက်ချင်စတိန်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအတွက် ပါဝင် ကစားခဲ့ပြီးနောက် ကူဝိတ်ကစားသမား မူတာဝါရဲ့စံချိန်ကို ၁ ပွဲအသာနဲ့ ကျော်ဖြတ်ပြီး ၁၉၇ ပွဲနဲ့ စံချိန်တင် နိုင်ခဲ့ တာပါ။
ရော်နယ်ဒိုရဲ့ ဒီစံချိန်ဟာ ကစားသမားတိုင်း ချိုးဖျက်ဖို့ တော်တော်လေး ခက်ခဲတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အသက် ၃၈ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အခုအချိန်ထိ နိုင်လိုစိတ် ပြင်းပြနေပြီး ပွဲတိုင်းကို ပွဲချိန်အပြည့် ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတာပါ။
နိုင်ငံတကာ ကစားသမားဘဝမှာ ရော်နယ်ဒိုဟာ ပွဲအရေအတွက် အများဆုံး ကစားသမားဆိုတဲ့ စံချိန်မတင်နိုင် ခင်မှာ ဂိုးအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကိုလည်း တင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ အီရန် ဂန္တဝင် အလီဒါယီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်တင်ထားတာပါ။
ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ဆွတ်ခူးထားသူ ရော်နယ်ဒိုကိုတွေ့ရစဉ်
ပေါ်တူဂီ ကစားသမားဟာ လက်ချင်စတိန်းအသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် နိုင်ငံတကာသွင်းဂိုး ၁၂၀ အထိ ရှိလာခဲ့ပြီး သူ့ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အနီးစပ်ဆုံးလို့ ပြောလို့ရတဲ့ မက်ဆီတောင် လိုက်မှီဖို့ ၂၁ ဂိုးအထိ လိုနေ တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ သူ့စံချိန်ကို တခြား ကစားသမားတွေ လိုက်ဖို့ဆိုတာထက် သူကပဲ သူ့ရဲ့စံချိန်တွေကို ချိုးဖျက် ပြီး စံချိန်သစ်တွေကို တင်နေတာပါ။ ပေါ်တူဂီအသင်းအတွက် ၂၀၀၃ မှာ စတင် ပွဲထွက်ခွင့်ရတုန်းက ဆယ်ကျော် သက် အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်က ဒီလိုစံချိန် မှတ်တမ်းတွေကို တင်နိုင်မယ်လို့ ဘယ်သူကမှ တွေးထင်ထားမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ရော်နယ်ဒိုကတော့ အခုအချိန်မှာ ဒါကို လုပ်ပြနေပြီ ဖြစ်ပါတယ်။ ဘယ်သူတွေကပဲ ဝေဖန်မှုတွေ ပြုလုပ် ပြုလုပ် ရော်နယ်ဒိုကတော့ သူ့အလုပ်ကိုပဲ သူဆက်လုပ်ပြီး ဝေဖန်မှုတွေကို တုန့်ပြန်ခဲ့တာပါ။
ရော်နယ်ဒိုဟာ အခုအချိန်ထိ အနားယူဖို့ အကြောင်းကို မတွေးထားသေးသလို ထုတ်ဖော်လည်း ပြောထားခြင်း မရှိတာကြောင့် နောက်ထပ် စံချိန်မှတ်တမ်းတွေကို ထပ်ပြီး ရေးထိုးဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးလောကမှာ ရော်နယ်ဒို စံချိန်တွေ အများကြီး တင်ထားတဲ့အထဲကမှ ထူးခြားတဲ့ စံချိန်တွေကို ဖော်ပြပေးချင်ပါတယ်။
ပထမဆုံး ပြောပြချင်တာကတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ပါတယ်။
နိုင်ငံအသင်းအတွက် ရော်နယ်ဒို ဖရီးကစ်ကနေ ဂိုးသွင်းနေစဉ်
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်ဖြစ်တဲ့ ဂါနာနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ဒီစံချိန် မှတ်တမ်းကို တင်နိုင်ခဲ့တာဖြစ်ပြီး ဒီလိုစံချိန်ကို တင်နိုင်ဖို့အတွက်ဆိုရင် လက်ရွေးစင်အသင်းမှာ နှစ်ပေါင်း ၂၀ ကြာ ပါဝင် ကတိကဝတ်ပြုနိုင်မှ ရမှာဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပါဝင်ကစားချင်နေပြီး သူ့ရဲ့စံချိန်ကို ဘယ်သူကမှ မချိုးဖျက် နိုင်အောင်အထိ လုပ်ဆောင်ချင်နေတာပါ။
နောက်ထပ် ထင်ရှားတဲ့ စံချိန်ကတော့ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံးဖြစ်ပြီး ၁၄၀ ဂိုးနဲ့ ရပ်တည်နေတာပါ။
သူ့နောက်မှာ အနီးစပ်ဆုံး လိုက်နေတာကလည်း ပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီဖြစ်ပြီး ၁၂၉ ဂိုးနဲ့ သူ့အနောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါတောင် ရော်နယ်ဒိုက အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်မကစားတာတောင် သူ့ကို မကျော်ဖြတ် နိုင်သေးတာ ဖြစ်ပါတယ်။
နောက်ထပ် မှတ်တမ်းတွေကတော့ ချန်ပီယံလိဂ်ပွဲ အများဆုံး ကစားသမားနဲ့ ချန်ပီယံလိဂ် ၅ ကြိမ် ရယူထား နိုင်သူဖြစ်ပါတယ်။
နောက်ထပ် အလွန်ကောင်းတဲ့ စံချိန်ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ဖို့တောင် မလွယ်တဲ့အချိန်မှာ ရော်နယ်ဒိုလို ဗိုလ်လုပွဲ ၃ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်ဖို့ကလည်း မလွယ်တဲ့ အခြေအနေပါ။
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းဘက်ကို ရော်နယ်ဒို နောက်ပြန်ကန် ဂိုးသွင်းနေစဉ်
အင်္ဂလန်၊ စပိန်နဲ့ အီတလီ ၃ နိုင်ငံစလုံးမှာလည်း ရော်နယ်ဒိုဟာ ဆုဖလားအားလုံးကို ရနိုင်ခဲ့တဲ့အထိ သူ့ရဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင် ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။
ရော်နယ်ဒိုရဲ့ ထင်ရှားတဲ့ နောက်ထပ် စံချိန်တစ်ခုကတော့ အမျိုးသား နိုင်ငံတကာ ဘောလုံးသမိုင်းမှာ ဟတ်ထရစ် ၁၀ ကြိမ်ပြည့်တဲ့ ပထမဆုံး ဘောလုံးသမားဖြစ်ခဲ့သလို ယူရိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ခုပေါင်းမှာ သွင်းဂိုး ၂၂ ဂိုး အထိ သွင်းထားပြီး ဂိုးအများဆုံး သွင်းထားတဲ့ သူအဖြစ် ရှိနေခဲ့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကစားသမားဘဝ သွင်းဂိုး ၈၀၀ ပြည့်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး မက်ဆီက မကြာသေးခင်ကမှ ဒီစံချိန်ကို လိုက်မှီခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ စံချိန်မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းတော့ ရှိပါတယ်။
ဒါကတော့ "သူက စံချိန်မှတ်တမ်းတွေနောက်ကို လိုက်နေတာ မဟုတ်ပါဘူး။ စံချိန်မှတ်တမ်းတွေကသာ သူ့ နောက်ကို လိုက်နေတာ"ဆိုပြီး ပြောထားခဲ့တာပါ။ ဒါက တကယ့်လက်တွေ့မှာလည်း မှန်ကန်နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ကစားသမားဘဝ အနားယူသွားရင်တောင် သူ့စံချိန်မှတ်တမ်းတွေကို လူငယ်ကစားသမားတွေ ချိုးဖျက်ဖို့ ကြိုးစားမှာကို ဂုဏ်ယူစွာကြည့်ရင်းနဲ့ နောက်ထပ် စံချိန်အသစ်တွေကို ထပ်ပြီး တင်နိုင်ဦးမလား ဆိုတာ ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1665
CNI Sport Article
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉
မကြာသေးခင် နှစ်တွေက အီတလီကလပ်တွေဟာ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အလှမ်းဝေးနေခဲ့ပေမယ့် အခုနှစ် ရာသီမှာတော့ ဥရောပပြိုင်ပွဲတွေမှာ ပြန်ပြီး ခေါင်းမော့လာနိုင်မယ့် အရိပ်အယောင်တွေရှိနေတာ ဖြစ်ပါတယ်။
အီတလီကလပ်တွေဟာ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ တခြားနိုင်ငံက ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် ဒီနှစ် ဥရောပပြိုင်ပွဲ ၃ ခုစလုံးရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ အီတလီကလပ်တွေ ပါဝင်နေပြီး ချန်ပီယံ လိဂ် ပြိုင်ပွဲမှာဆို တခြားနိုင်ငံ အသင်းတွေထက် များပြားနေခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာတော့ အီတလီ ထိပ်တန်း အသင်းကြီးတွေဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်နဲ့ နာပိုလီအသင်းတို့ တက်ရောက်နေခဲ့တာပါ။ ဒါဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အီတလီ ကလပ် ၃ သင်း ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်အလက်ကို ကြည့်လိုက်ရင် အီတလီကလပ်တွေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဘယ်လောက်အထိ ဝေးနေလဲဆိုတာကို မြင်တွေ့ရမှာပါ။ အင်တာမီလန်ကတော့ ၂၀၁၁ နောက်ပိုင်းမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာဖြစ်ပြီး အေစီမီလန်အသင်းဟာ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ် တက်နိုင်ခဲ့ ကာ နာပိုလီကတော့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အီတလီကလပ် အသင်းတွေဟာ ချန်ပီယံဆုကို ၁၂ ကြိမ်အထိ ရရှိထားတာဖြစ်ပြီး နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာက ၂၀၀၉ -၁၀ ရာသီက ဖြစ်ပါတယ်။
ရိုးမားအသင်းကိုတွေ့ရစဉ်
အဲဒီနှစ်မှာ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ အင်တာမီလန်အသင်းက ရယူနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ဂျူဗင်တပ်စ် အသင်းက ၂၀၁၆-၁၇ ရာသီက ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာကသာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နောက်ပိုင်းနှစ်တွေမှာ အင်္ဂလန်နဲ့ စပိန်ကလပ်တွေသာ ချန်ပီယံလိဂ်ကို ကြီးစိုးပြီး အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်လိုက်ရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အီတလီကလပ်တွေ အောင်မြင်မှုနဲ့ ဘယ်လောက် ကြာကြာ ဝေးကွာနေလဲဆိုတာကို သိရမှာ ဖြစ်ပါတယ်။
အခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ မဲခွဲလိုက်ချိန်မှာ အီတလီကလပ်တွေထဲက ၁ သင်းကတော့ အနိမ့် ဆုံး ဗိုလ်လုပွဲအထိ တက်နိုင်မယ့် လမ်းကြောင်းထဲမှာ ရောက်ရှိနေပါတယ်။
ကွာတားဖိုင်နယ်အတွက် မဲခွဲမှုမှာ အေစီမီလန်နဲ့ နာပိုလီအသင်းတို့ တွေ့ဆုံနေခဲ့ပြီး ဘင်ဖီကာနဲ့ အင်တာမီလန်တို့ တွေ့ဆုံနေခဲ့တာဖြစ်ကာ အနိုင်ရတဲ့ ၂ သင်းဟာ ဆီမီးဖိုင်နယ်မှာ တွေ့ရတော့မှာပါ။ အင်တာမီလန်သာ ဘင်ဖီကာ ကို အနိုင်ယူခဲ့မယ်ဆိုရင် အီတလီကလပ်တွေထဲက ၁ သင်းဟာ သေချာပေါက် ဗိုလ်လုပွဲကို တက်ဖို့ သေချာသွား မှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ဘက်ကို ကြည့်ရရင် ကွာတားဖိုင်နယ်အဆင့်ကို ဂျူဗင်တပ်စ်နဲ့ ရိုးမားအသင်းတို့ တက်နိုင်ခဲ့တာပါ။
အင်တာအသင်းကိုတွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ယူရိုပါလိဂ်ကို ဆင်းပြီး ကစားခဲ့ရတာဖြစ်ပြီး ရိုးမားကတော့ ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ကို ဝင်ပြီးယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ ၈ သင်းမှာ အီတလီကလပ်က ၂ သင်းနဲ့ အများဆုံး ဖြစ်နေတာပါ။ ပြီးတော့ ကွာတားဖိုင်နယ်အတွက် မဲခွဲမှုတွေ ပြုလုပ်တာမှာလည်း ဒီ ၂ သင်းဟာ ထိပ်တိုက်တွေ့ဆုံမှု မရှိဘဲ ဆီမီးဖိုင်နယ်အတွက် လမ်းကြောင်းမှာလည်း တွေ့ဆုံမှုမရှိတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အီတလီကလပ် ၂ သင်းဟာ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံနိုင်တဲ့ အလားအလာမှာ ရှိနေတာပါ။
ဂျူဗင်တပ်စ်အသင်းကိုတွေ့ရစဉ်
ယူရိုပါလိဂ်ပြိုင်ပွဲမှာ အီတလီကလပ် အသင်းတွေဟာ ၉ ကြိမ်အထိ ဗိုလ်စွဲထားနိုင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့တာက ၁၉၉၈- ၉၉ ရာသီက ပါးမားအသင်း ရယူနိုင်ခဲတာဖြစ်ပြီး အဲဒီနောက်ပိုင်း ၂၀၁၉-၂၀ ရာသီက အင်တာမီလန်အသင်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။
ယူရိုပါကွန်းဖရန့်စ်လိဂ်မှာတော့ ဖီအိုရင်တီးနား တစ်သင်းတည်းသာ တက်နိုင်ခဲ့ပြီး သူလည်း ခြေစွမ်းကောင်းမွန်ပြီး ရလဒ်ကောင်းတွေ ယူနိုင်မယ်ဆိုရင် ဗိုလ်လုပွဲတက်နိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။ အဲဒါကြောင့် အီတလီ ကလပ် အသင်းတွေဟာ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှု ပြန်ရနိုင်မယ့် လမ်းစပေါ်မှာ ရှိနေပြီး ဒီပုံစံအတိုင်းသာ ဆက်သွားနိုင်ရင် အီတလီကလပ်တွေရဲ့ အောင်မြင်မှုကို မြင်ရဖို့ သိပ်ပြီး မလိုတော့တာ ဖြစ်ပါတယ်။
အီတလီကလပ်တွေသာ အောင်မြင်ခဲ့ရင် လက်ရွေးစင် အသင်းကြီးအတွက်လည်း အောင်ပွဲတွေကို ပြန်ရှာဖွေနိုင်ဖို့ အခြေအနေ ကောင်းလာမှာပါ။
အီတလီအသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် မပါဝင်နိုင်ခဲ့ တာက နိုင်ငံရဲ့ပုံရိပ်ကို ကြီးမားစွာ ကျဆင်းစေခဲ့ပါတယ်။ အဲဒါကြောင့် ကလပ်အသင်းတွေရဲ့ အောင်မြင်မှုနဲ့ အစပျိုးပြီး နိုင်ငံရဲ့အောင်မြင်မှုတွေကို ပြန်ပြီး ရယူနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1852
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ရော်နယ်ဒိုဟာ ပေါ်တူဂီ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ပြီး အခု ပေါ်တူဂီ လက်ရွေးစင်နဲ့ အယ်လ်နာဆာ အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှာ မွေးဖွားခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ ရီးရယ်လ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းခဲ့ကာ စီးရီးအေဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းထံ ပြန်လည် ရောက်လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ ယူရိုချန်ပီယံဆု၊ နေးရှင်းလိဂ် ဖလားတို့ကို ရယူခဲ့ပြီး အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အများအပြား ရရှိထားတာပါ။ သူရဲ့ထူးခြားတဲ့ လိမ်ခေါက်၊ ဖြတ်ကျော်မှု စွမ်း ရည်၊ မယုံနိုင်လောက်တဲ့ မြန်နှုန်းတွေနဲ့ ထူးခြားတဲ့ ဂိုးသွင်း စွမ်းရည်တွေကြောင့် လူသိများလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် ၁၃ ချက်က ဘာတွေလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ သူ့ရဲ့ မိဘနှစ်ဦးကိုတွေ့ရစဉ်
အမေရိကန်သမ္မတ နာမည်ပေးထားခြင်း
******************************************
ခရစ္စတီယာနို ရော်နယ်ဒိုကို အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နဲ့ တူညီတဲ့ နာမည်ပေးထားခဲ့တာ ဖြစ်ပါ တယ်။ သရုပ်ဆောင်- နိုင်ငံရေးသမား ရေဂင်ဟာ အိမ်ဖြူတော်မှာ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆို ပြီးနောက် တစ်လအကြာမှာ ရော်နယ်ဒိုကို မွေးဖွားခဲ့တာပါ။
ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူဟာ ရော်နယ်ရေဂင်ရဲ့ အမာခံပရိသတ် ဖြစ်တယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ပထမဆုံးအသင်းမှာ ဖခင်ဖြစ်သူဟာ ဝတ်စုံစီစဉ်တဲ့သူဖြစ်ခဲ့
******************************************************************
ရော်နယ်ဒိုရဲ့ ဖခင်ဖြစ်သူ ဟိုဆေးဒီနစ်အေဗီရိုဟာ သူ့ရဲ့သား ၈ နှစ်အရွယ်မှာ ဘောလုံးစတင်ကစားတဲ့ အန်ဒိုရီဟာ အသင်းရဲ့ ဝတ်စုံစီစဉ်တဲ့သူ ဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သဘာဝစွမ်းဆောင်ရည်တွေကို လျင်မြန်စွာ ပြသခဲ့ပြီး မကြာခင်မှာ စပို့တင်းလစ္စဘွန်း လူငယ် အကယ်ဒမီရဲ့ ကင်းထောက်ခြင်းကို ခံခဲ့ရတာပါ။
အသက် ၁၂ နှစ်အရွယ်မှာ အကယ်ဒမီထံ ပူးပေါင်းဖို့အတွက် ပြည်မကြီးဆီကို ပြောင်းရွှ့ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦးအဖြစ် သူ့ရဲ့ အရည်အချင်းတွေ တိုးတက်လာစေခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းက ရော်နယ်ဒိုအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေခဲ့
*******************************************************************************
၂၀၀၉ ခုနှစ်က ရော်နယ်ဒိုဟာ အဲ့ဒီအချိန်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ နဲ့ ရီးရယ်လ် အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ရီးရယ်လ်အသင်းမှာ ၉ ရာသီကြာ ကုန်ဆုံးခဲ့ပြီး အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်နဲ့ သူ့ရဲ့အဆင့်အတန်းကို ပိုပြီးတော့ ခိုင်မာစေခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ အချိန်အတွင်း ဘောလွန်းဒီအော ၄ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်နဲ့ ဆုဖလား အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ပါတယ်။
ဘောလွန်းဒီအောဆုတွေနဲ့တွေ့ရတဲ့ ရော်နယ်ဒို
နိုင်ငံတကာ ဂိုးသွင်းအများဆုံး အမျိုးသား ဘောလုံးသမား
*****************************************************
ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၁၁၈ ဂိုး သွင်းယူထားပြီး ကစားနေတဲ့ အမျိုးသား ဘောလုံးသမားတွေထဲမှာ နိုင်ငံတကာဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။
အောင်မြင်တဲ့ စီးပွားရေးသမား
*****************************
ရော်နယ်ဒိုဟာ သူ့ရဲ့ဘောလုံးနယ်ပယ်မှာ အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့သလို အဝတ်အစား၊ ဖိနပ်၊ အမွှေးအကြိုင်တွေ ပါဝင်တဲ့ CR7 အမှတ်တံဆိပ် ထုတ်ကုန်တွေနဲ့အတူ အောင်မြင်တဲ့ စီးပွားရေး သမားတစ်ဦး လည်း ဖြစ်ပါတယ်။
သူ့မှာ ဟိုတယ်တစ်ခု၊ ပြတိုက်တစ်ခုနဲ့ ပေါ်တူဂီနိုင်ငံ မဒီရာမှာ စားသောက်ဆိုင် အများအပြားရှိတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက် ရည်ညွှန်းထားတဲ့ ပြတိုက်
*****************************************
The Museu CR7 ဟာ ပေါ်တူဂီဘောလုံးသမား ရော်နယ်ဒိုရဲ့ ဘဝနဲ့ အသက်မွေးဝမ်းကြောင်းအတွက် ရည်ညွှန်း ထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ အဆိုပါပြတိုက်မှာ ရော်နယ်ဒိုရဲ့ ငယ်ဘဝ၊ ကျော်ကြားမှုတွေ၊ ဘောလုံးသမားအဖြစ် အောင်မြင်မှုတွေ အပါအဝင် ကိုယ်ရေးကိုယ်တာ အမှတ်တရတွေ၊ အနုပညာပစ္စည်းတွေကို ပြသထားတာ ဖြစ်ပါတယ်။
ပြတိုက်လာရောက် ကြည့်ရှုတဲ့ သူတွေဟာ ဘောလွန်းဒီအောဆုတွေ၊ ပေါ်တူဂီ လက်ရွေးစင် ဂျာစီတို့လို ရော်နယ်ဒို ပိုင်ဆိုင်တဲ့ အရာတွေကို မြင်တွေ့ရမှာပါ။ အဆိုပါ ပြတိုက်ဟာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် တစ်ခုလည်း ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒို နာမည်ပေးထားတဲ့ နဂါးငွေ့တန်း
******************************************
၂၀၁၅ ခုနှစ်က Lancaster တက္ကသိုလ်က နက္ခတ္တဗေဒဆိုင်ရာ ပညာရှင်တွေဟာ ဥရောပတောင်ပိုင်းမှာရှိတဲ့ အလွန် ကြီးမားတဲ့ မှန်ပြောင်း (VLT) ကို အသုံးပြုခဲ့ပါတယ်။
W M Keck နက္ခတ်ရဲ့ အကူအညီနဲ့ Sabaru မှန်ပြောင်း NASA / ESA Hubble အာကာသ ကြည့်မှန်ပြောင်းတို့နဲ့ ရှာဖွေတွေ့ရှိမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီသုတေသနအဖွဲ့မှာ နာမည်ကြီး တက္ကသိုလ်တွေ အများအပြား ပါဝင်ခဲ့တာပါ။ အဲ့ဒါကနေ ရော်နယ်ဒိုရဲ့ နာမည်ကို အစွဲပြုပြီး Cosmos Redshift 7 နဂါးငွေ့တန်း ဒါမှမဟုတ် CR7 နဂါးငွေ့တန်းဆိုပြီး ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လေဆိပ်ကို ရော်နယ်ဒိုနာမည် ပေးထားခြင်း
*****************************************
ခရစ္စတီယာနို အပြည်ပြည်ဆိုင်ရာလေဆိပ်လို့ လူသိများတဲ့ မဒီရာလေဆိပ်ဟာ ပေါ်တူဂီနိုင်ငံ မဒီရာကျွန်းပေါ်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရပြီးနောက် ၂၀၁၇ က မဒီရာဖွား ဘောလုံးသမားဖြစ်တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို နာမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒီလေဆိပ်ဟာ နိုင်ငံတကာ လေကြောင်းလိုင်း များစွာအတွက် အချက်အချာကျပါတယ်။
ဒါကြောင့် မဒီရာလေဆိပ်ကို ဥရောပနဲ့ အတ္တလတန်တိတ် ခရီးစဉ်တွေနဲ့ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
Darke ရဲ့သီချင်းထဲမှာ နာမည်အသုံးပြုခံရခြင်း
*******************************************
၂၀၁၈ ခုနှစ်က နာမည်ကျော် ကနေဒါဂီတပညာရှင် Darke ဟာ Scorpion အမည်ရှိ တေးသီချင်း အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။ အဆိုပါ အယ်လ်ဘမ်ထဲက Blue Tint ဆိုတဲ့ သီချင်းမှာ ရော်နယ်ဒိုရဲ့ နာမည်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ဇိမ်ခံကား အစီး၂၀ ပိုင်ဆိုင်ထား
********************************
ရော်နယ်ဒိုဟာ သူ့ရဲ့ အသင်းဖော်တွေလိုပဲ ကားတွေကို ချစ်မြတ်နိုးတာဖြစ်ပြီး ဇိမ်ခံကားအစီး ၂၀ ကို ပိုင်ဆိုင်ထား တာ ဖြစ်ပါတယ်။ ဒီံထဲက Bugatti Chiron, Ferrari 599 GTO နဲ့ Rolls-Royce Phantom ကားတွေက အကျော် ကြားဆုံး ကားတွေ ဖြစ်ပါတယ်။
မဒီရာလေဆိပ်ကို ရော်နယ်ဒိုနာမည်ပြောင်းလဲ ဂုဏ်ပြု
ပွတ်စ်ကတ်စ်ဆုကို ပထမဆုံး လက်ခံရရှိတဲ့သူဖြစ်လာ
***************************************************
ပြက္ခဒိန် တစ်နှစ်အတွင်း အကောင်းဆုံး သွင်းဂိုးဆုကိုပေးတဲ့ ပွတ်စ်ကတ်ဆုကို ၂၀၀၉ ခုနှစ်မှာ စတင်ပေးခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုက ဒီဆုကိုရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၀၈-၀၉ ရာသီက ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် သွင်းယူခဲ့တဲ့ တာဝေးကန်သွင်းဂိုးနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
တက္ကသိုလ်တစ်ခုမှာ သင်ကြားခံရတဲ့ ဘာသာရပ်တစ်ခု ဖြစ်လာ
***********************************************************
စိတ်ဝင်စားဖို့ကောင်းတဲ့ အရာကတော့ ရော်နယ်ဒိုဟာ ကနေဒါမှာရှိတဲ့ British Columbia Okanagan တက္ကသိုလ် မှာ ဘာသာရပ်တစ်ခု အနေနဲ့ ရှိခဲ့တာ ဖြစ်ပါတယ်။
လူမှုဗေဒတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ စူပါစတားရဲ့ ဘဝနဲ့ ကစားသမားဘဝကို သင်တန်း ဘာသာရပ်အဖြစ် လေ့လာဖို့အတွက် ရွေးချယ်ခွင့်ရှိတာ ဖြစ်ပါတယ်။
ပရဟိတ လုပ်ဆောင်တဲ့သူ
***************************
ရော်နယ်ဒိုဟာ ကွင်းပြင်ပမှာ သူ့ရဲ့ ပရဟိတ အလုပ်တွေကြောင့် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လိုအပ်နေတဲ့ ကလေေးတွေကို ကူညီဖို့အတွက် ရော်နယ်ဒို ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ လည်း အခြားသော ပရဟိတလုပ်ငန်းများစွာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal