- By CNI
- Category: စီးပွားရေး
- Hits: 639
CNI News
၂၀၂၂ ခုနှစ်၊ ဇွန် ၈
မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းများသည် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရပ်နားထားရခြင်းများ ဖြစ်ပေါ်နေကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ်ရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းများသည်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် အလုပ်သမားကြေးများ ပေးဆောင်ရန် မတတ်နိုင်သည့်အတွက် လုပ်ငန်းများ ရပ်နားထားရသည်မှာ ၇၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ငါးလုပ်ငန်း လုပ်ကိုင်သူ ဦးခင်အေးမောင် CNI သတင်းဌာနသို့ ပြောသည်။
ဦးခင်မောင်အေးက “ဈေးတအားများနေတော့ ပင်လယ်ထဲမှာ ငါးဖမ်းတဲ့သူတွေက ငါးဖမ်းထွက် မရဘူးပေါ့။ ငါးဖမ်းလုပ်တဲ့ ဟာက ဟိုတုန်းကလိုမျိုး ငါးဈေးကလည်း မတက်ဘူး။ ဒီဘက်က ဆီဈေးကလည်း တက်နေတော့ ငါးတစ်နေ့ သွားဖမ်းတာ အဆင်မပြေဘူးဆိုတော့ အလုပ်တွေက ရာခိုင်နှုန်း အားဖြင့် ၃၀ ရာခိုင်နှုန်းလောက်ပဲ လုပ်တော့တယ်။ ကျန်တဲ့သူတွေက အကုန်လုံး ဖြစ်သလို လုပ်နေကြတာပေါ့။ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။
ယခင်က ငါးမဖမ်းရ ရာသီကို ဧပြီလ၊ မေလ၊ ဇွန်လ ဟူ၍ သတ်မှတ်ထားသော်လည်း လက်ရှိတွင် ဇွန်လမှစတင်၍ ငါးဖမ်းခွင့် ကို ငါးဖမ်းလုပ်ငန်းဦးစီးဌာနမှ ခွင့်ပြုထားကြောင်း သိရသည်။
သို့သော် စက်သုံးဆီ ဈေးနှုန်းများသည် ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် ၂၅၀၀ မှ ၃၀၀၀ ကြား ဝယ်ယူနေရသည့်အတွက် ငါးဖမ်း တစ်ခါထွက်သည့်အခါ စက်သုံးဆီဖိုး ၃၀၀၀၀၀(သုံးသိန်း)နီးပါး ကုန်ကျသော် လည်း ၃၀၀၀၀၀(သုံးသိန်း) ပြန်မရရှိခြင်းကြောင့် လုပ်ကိုင်မည့်သူ မရှိတော့ကြောင်း ဦးခင်အေးမောင်က ပြောသည်။
ငါးဖမ်းလုပ်ငန်း တစ်ခုကိုတွေ့ရ
၎င်းက “ဘယ်လိုလုပ် သွားနိုင်မှာလဲ။ ဆီ လီတာ ၁၀၀ ကုန်တာ။ တစ်နေ့သွားလိုက်ရင် တစ်နေ့ ၂ သိန်း၊ ၃ သိန်းဖိုး နုတ်လိုက် ရင် ပိုက်ဆံက ၂ သိန်း ၃ သိန်းဖိုး မရဘူး။ အလုပ်သမားဖိုး ရှိသေးတယ်။ စားဖို့ ရှိသေးတယ်။ ပိုက်ဖမ်းတဲ့ အခြေအနေပေါ်မှာ ပိုက်တွေရဲ့ တန်ဖိုး ရှိသေးတယ်။ အလုပ်က ဘယ်လိုပြောရမလဲ ရှေ့ဆက်ပြီး ဒီအတိုင်းသွားရင် အခြေအနေက ဘယ်လိုမှ မကောင်းဘူး။ လူလည်း မရှိတော့ဘူး။ နောက် အလုပ်ကောင်း လာမယ်ဆိုရင် လုပ်မယ့်လူလည်း မရှိတော့ဘူး ရခိုင်မှာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ငါးဖမ်းလုပ်ငန်း အများအပြား ရပ်နားလာမှုသည် မြန်မာနိုင်ငံ၏ ကမ်းရိုးတမ်းဒေသ တစ်လျှောက်ရှိ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖြစ်ပေါ်လျက် ရှိသည်။
မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူရ ခက်ခဲခြင်းနှင့် ဈေးနှုန်း မြင့်တက်နေမှုကြောင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်မှုများ ရပ်နား လာကြသလို လုပ်ကိုင်သူ အနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။
စက်သုံးဆီ ဈေးနှုန်း မြင့်တက်သော်လည်း ငါးဈေးနှုန်း မြင့်တက်လာခြင်း မရှိကြောင်း၊ အလုပ်သမား စရိတ်များလည်း မြင့် တက်နေကြောင့် ရပ်နားထားရကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ် ငါးလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးခင်ဝင်းက CNI သတင်းဌာန သို့ ပြောသည်။
ဦးခင်ဝင်းက “ဦးလေးလည်း ရပ်ထားရတာပဲ။ အခြေအနေ မကောင်းဘူး။ ငါးဈေးက မတက်ဘူးလေ။ ဆီဈေးပဲ တက်တယ်။ အလုပ်သမားခလည်း ဈေးတက်တယ်ဆိုတော့ အဲဒါကြောင့် ရပ်ထားတာပါ” ဟု ပြောသည်။
တခြားတစ်ဖက်မှာတော့ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ မရခြင်းကြောင့် ဒေသခံပြည်သူ အများအပြား အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသွားကြောင်း၊ ထို့နောက် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မှုများ နေ့စဉ်နှင့်အမျှ ရှိလာနေကြောင်း၊ ပြည်တွင်း လုပ်သား အရင်းအမြစ် အားနည်းလာကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 797
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈
ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ် နွေကြက်သွန်အား ဧက လျှော့စိုက်ခဲ့ကြသည့်အတွက် အထွက်နှုန်း နည်းသည့်အပြင် ပြည်ပသို့ တင်ပို့ခြင်းများလည်းရှိသဖြင့် ပြည်တွင်းတွင် လက်ကျန်နည်းကာ တစ်ပိဿာ လျှင် ကျပ် ၁၆၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေသည်။
ကြက်သွန်သည် ဟင်းချက်ရာတွင် မပါမဖြစ် အသုံးပြုရသည့်အတွက် ယခုကဲ့သို့ တစ်ပိဿာ ကျပ် ၁၀၀၀ ကျော် အထိ ဈေးနှုန်းမြင့်တက်မှုသည် အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်ကြောင်း အိမ်ထောင်ရှင်မတစ်ဦး ဖြစ်သည့် မပြည့်က CNI သတင်းဌာနသို့ ပြောသည်။
“ကြက်သွန်ဈေးတက်တော့လည်း ဟင်းက ချက်ရတာ အဆင်မပြေဘူးပေါ့။ အဲဒီကုန်ကျတဲ့ ပိုက်ဆံက တခြား တစ်ခု ဝယ်လို့ရတယ်လေ။ အရင်တုန်းက အမယ် နှစ်မျိုး ဝယ်လို့ရရင် အခု တစ်မျိုးပဲဝယ်လို့ရတယ်။ ချွေတာရတာ ပေါ့။ အဲဒီလိုလျှော့သုံးရတာပေါ့။ ခါတိုင်းဆို ကြက်သွန် ဟင်းတစ်ခွက်မှာ ၄၊ ၅ လုံး ထည့်ရတဲ့နေရာမှာဆို ၃ လုံး လောက်ပဲထည့်ရတာတို့ အဲဒီလိုမျိုး လျှော့ရတာပေါ့။ အကုန်လုံးကတော့ အစစ အရာရာ လျှော့ရတာပေါ့။ အရင်တုန်းကဆို တစ်ပိဿာ ၁၀၀၀ ဆို တစ်ပိဿာလောက်ဝယ်လို့ရတယ်။ အရင်က တစ်ပိဿာ ဝယ်တဲ့အစား အခုဆို ၅၀ သားလောက်ပဲဝယ်ရတာပေါ့။ လျှော့ပြီးတော့ ဝယ်ရတာပေါ့ အရင်ထက်။ ကြက်သွန်ဈေးတစ်ခုတည်း တက်တာမဟုတ်ဘူးလေ။ အကုန်လုံးက ကုန်ဈေးနှုန်းက တက်နေတော့ ခါတိုင်း တစ်နေ့ စရိတ်ကို ၅၀၀၀ ဆိုရင် အခုက တစ်နေ့ ၇၀၀၀ လောက်ဖြစ်သွားတာလေ။ ဈေးတွေက မကတော့လေ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က ကြက်သွန်စိုက်တောင်သူနှင့် ကုန်သည်တို့ အများအပြားအရှုံးပေါ်ခဲ့ပြီး သွင်းအားစုနှင့် စက်သုံးဆီ ဈေးတို့ အဆမတန် မြင့်တက်မှုကြောင့် ယခုနှစ်တွင် ဧကလျှော့ပေါ့ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။
တောင်သူများမှ ရောင်းချသည်ဈေးနှုန်းသည် တစ်ပိဿာ ၁၀၀၀ ဝန်းကျင်နှုန်းထားဖြစ်သဖြင့် ပြည်တွင်းဈေးကွက် တွင် ကြက်သွန်တစ်ပိဿာလျှင် နယ်မြေဒေသပေါ်မူတည်က ကျပ်ငွေ ၁၀၀၀ မှ ၁၆၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေခြင်းဖြစ်သည်။
ကြက်သွန်အပါအဝင် အခြားကုန်ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ တက်နေသော်လည်း စားသုံးသူများအား ပြန် ကြည့်နေရသဖြင့် ဈေးမတက်သေးကြောင်း ဂုံးခေါက်ဆွဲရောင်းချနေတဲ့ ကိုချမ်းမြေ့က CNI သတင်းဌာနသို့ ပြောသည်။
“ဈေးတက်တာကတော့ နည်းနည်းတော့ အခက်တွေ့တာပေါ့။ ဒီကြက်သွန်မှမဟုတ်ဘူး တခြားကုန်ပစ္စည်း ကလည်း နေ့စဉ်နဲ့အမျှ တက်နေတာ။ ကျနော်တို့ဆိုရင် စရောင်းလာကတည်းက ဈေးက ဒီအတိုင်းပဲ။ ဒါပေမယ့် ထပ်ပြီးတော့ တက်လိုက်လို့မရဘူး။ သူတို့အတွက်က ဈေးတက်ပေမယ့် အကိုတို့ဘက်က တက်လို့မရတော့ အကို တို့အတွက်က ဒီကာလ နည်းနည်းတော့ ခက်ခဲတာပေါ့။ လောလောဆယ်တော့ ဈေးတက်ဖို့မရှိသေးဘူး။ အကို ဈေးနှုန်းပြောင်းထားလည်းမကြာသေးဘူးဆိုတော့။ ပြီးခဲ့တဲ့လလောက်ကမှ နေရာပြောင်းဘာညာဆိုတော့ ပုံမှန် ထက် ဈေးနည်းနည်းလေးတက်ထားတာရှိတယ်ဆိုတော့။ အခုကုန်ဈေးနှုန်းတက်ပေမယ့်လည်း ထပ်ပြီးတက်ဖို့ မရှိသေးဘူး။ ဘာလို့ဆို စားသုံးသူတွေကိုနည်းနည်း ပြန်ပြီးကြည့်ပေးတဲ့သဘောပေါ့”ဟု ပြောသည်။
ယခုနှစ်၏ နွေကြက်သွန်ဈေးနှုန်းသည် အခြေခံလူတန်းစားများအတွက် အဆင်မပြေသော်လည်း တောင်သူနှင့် ကုန်သည်များအတွက် အဆင်ပြေကြောင်း ပွဲရုံကုန်သည်များနှင့် တောင်သူများထံက သိရသည်။
ကြက်သွန်ကုန်သည်တစ်ဦးဖြစ်သည့် ကိုသက်ဖြိုးက“ပြည်တွင်းဈေးအရမ်းကောင်းနေတဲ့အနေအထားပဲ။ ၆ လပိုင်း ဆိုရင် ခါတိုင်းတုန်းက ဖြစ်မှ ၇၀၀၊ ၈၀၀ ပေါ့လေ။ အခုချိန်မှာ တောင်သူရောင်းဈေးကိုက ၁၀၀၀၊ ၁၁၀၀၊ ၁၂၀၀ ပေါ့။ တောင်သူတွေရဲ့ရောင်းဈေးကိုက အဲဒီလောက်ရှိနေတာ။ ဒီနှစ်ကတော့ အကျိုးရှိပါတယ်။ အကျိုးရှိပါတယ် ဆိုပေမယ့် ဒီဟာက ဈေးနှုန်းတစ်ခုသာ မြင့်လာတာလေ။ ကုန်ကျစရိတ်မြင့်တာတွေလည်း ရှိသေးတာပေါ့။ ဒီဘက် ဓာတ်မြေဩဇာတို့ နောက်ပြီးတော့ အကုန်လုံးပေါ့ အစစ အရာရာ ကုန်ဈေးနှုန်းတက်တာနဲ့ဆိုရင် ဒါကြီးက တောင်သူတွေအတွက် အရမ်းကြီးအကျိုးရှိပါတယ်လို့တော့ ပြောလို့မရဘူး။ ဒီဈေးကလည်း အဆင်ပြေတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်” ဟု ပြောသည်။
ယခုကဲ့သို့နှုန်းထားအရ တောင်သူများအတွက် အကျိုးအမြတ်ရှိမည်ဆိုပါက မိုးကြက်သွန်စိုက်ပျိုးမှုတွင် စိုက်ပျိုးမှု နှုန်း များပြားလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။
ကြက်သွန်များအား ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှု နည်းကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 617
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇
ရခိုင်ပြည်နယ်သို့ စက်သုံးဆီ ခွဲတမ်းရရှိမှု လျော့နည်းသွားခြင်းကြောင့် လိုသလောက် မရောင်းချပေးနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ရခိုင်ပြည်နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
ယခင်က စက်သုံးဆီများကို လိုသလောက် ဝယ်ယူ၍ ရသော်လည်း လက်ရှိတွင် စက်သုံးဆီ ဝယ်ယူရာ၌ လိုအပ်သည့် ပမာဏအား တင်ပြရကြောင်း၊ လိုအပ်သလောက် ဝယ်ယူ၍မရဘဲ ခွဲတမ်းရရှိမှု လျော့ကျသွားခြင်းကြောင့် ပြန်လည် ရောင်းချရာတွင် လိုအပ်သလောက် ရောင်းချမပေးနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း တောင်ကုတ်မြို့နယ်မှ စက်သုံးဆီဆိုင်ပိုင်ရှင် တစ်ဦး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၁ လမှာ ကိုယ်ရောင်းတဲ့အားကို တင်ပြလို့ရှိရင် ကိုယ်လိုချင်တဲ့အားကို တင်ပြလို့ရှိရင် ၃ စီးလောက် လိုချင်ရင် ၂ စီး လောက်ပဲ ပေးတယ်ပေါ့။ အဲလိုပုံစံ လျှော့ချလိုက်တာပေါ့။ အခက်အခဲတော့ ဖြစ်တာပေါ့။ ကိုယ်ရောင်းချင်သလောက် ရောင်း လို့ မရတော့ဘူးလေ။ ဝယ်တဲ့သူကလည်း လယ်ထွန်မယ့် သူကလည်း ၁ ရာသီမှာ ဂါလံ ၅၀ ကုန်မယ်။ လာဝယ်တော့ သူ့ကို ဂါလံ ၅၀ မရောင်းနိုင်ဘူး။ ဂါလံ ၂၀ လောက်ပဲ ရောင်းနိုင်တယ်။ အဲလို အခက်အခဲ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။
စစ်တွေမြို့ ဆီဆိုင်ကြီးများတွင် ပရီမီယမ် ဒီဇယ်ဆီ တစ်လီတာကို ၂၆၈၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို ၂၆၅၀ ကျပ်၊ အောက် တိန်း-95 တစ်လီတာကို ၂၄၂၀ ကျပ်၊ အောက်တိန်း-92 တစ်လီတာကို ၂၃၃၅ ကျပ် စသဖြင့် စျေးနှုန်းအသီး ရှိသည်။
ထို့နောက် မောင်တောမြို့နယ်ရှိ ဆီဆိုင်ကြီးများတွင် ဓာတ်ဆီ တစ်လီတာကို ၃၀၀၀ ကျပ် ပေးဝယ်နေရကြောင်း၊ လမ်းဘေး ဆိုင်များတွင် ၃၅၀၀ ကျပ်ခန့်အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။
စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုကြောင့်လည်း ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ချင့်ချိန် ၍ လုပ်ဆောင်နေရကြောင်း၊ အမြတ်အစွန်းရရှိမှု နည်းပါးသွားကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
စက်သုံးဆီ အရောင်းဆိုင်
ဦးအောင်အောင်က “ဒီလိုမျိုး ဆီဈေးတွေ တက်လာတယ်။ ဆီပြတ်လပ်မှုတွေ ဖြစ်လာတဲ့အခါမှာ သယ်ယူပို့ဆောင်ရေး စရိတ် တွေက တက်လာပါတယ်။ တစ်ဖက်နိုင်ငံကို ကျနော်တို့ ကုန်တင်ပို့နေရတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေမှာလည်း သယ်ယူ ပို့ဆောင်ရေး စရိတ်တွေ မတည်ငြိမ်တဲ့ အတွက်ကြောင့် လုပ်ငန်းတွေ အနေနဲ့ တော်တော်လေး စဉ်းစားပြီးတော့ လုပ်နေရပါတယ်။ ကုန်ဈေးနှုန်း အခက်အခဲ ကနေပြီးတော့ မျှော်လင့်မထားတာတွေ ဖြစ်နေတဲ့ဟာမျိုးပေါ့နော်။ အဲဒါကြောင့် တော်တော်လေး ဂရုစိုက်ပြီးတော့ လုပ်ရပါမယ် အခုချိန်မှာ။ ရောင်းထားတဲ့ ပစ္စည်းကနေတဆင့် ပြင်ဆင်စရိတ် နှုတ်ပြီးတော့ ကျနော်တို့ အကျိုးအမြတ် မရှိတာတွေ၊ အမြတ်နည်းတာတွေ၊ ဆုံးရှုံးမှု ရှိတာတွေ ရှိကောင်း ရှိနိုင်တာပေါ့နော်” ဟု ပြောသည်။
စက်သုံးဆီ လိုသလောက် ဝယ်ယူ၍ မရသည့်အပြင် စက်သုံးဆီ ဆိုင်များသို့ လာရောက်သူ များပြားသောကြောင့် တန်းစီ စောင့်ဆိုင်း နေရခြင်း၊ စက်သုံးဆီ ဆိုင်တချို့တွင် ဆီအမျိုးအစား စုံလင်စွာ ရောင်းချမှုများ မရှိတော့ခြင်းနှင့် စက်သုံးဆီ ဈေး နှုန်း များသည်လည်း အလွန်မြင့်တက်နေကြောင်း ရခိုင်ပြည်နယ် ဒေသခံများထံမှ သိရသည်။
စစ်တွေဒေသခံ ကိုမိုးဇော်က “စက်သုံးဆီက အခုက ဈေးတွေ တအားမြင့်နေလို့။ ဝယ်ရမလွယ်ဘူး။ ဝယ်ရတာလည်း ခက် တယ်။ ဆိုင်ကယ်တွေတောင် တန်းစီရတယ် ဆိုင်ကယ်ဆီဖြည့်ဖို့ တစ်ခေါက်ဆိုရင်လေ။ ဆီဆိုင်တွေမှာ အကြာကြီးပဲ တန်းစီ ရတာ။ ကျနော်တို့ဆီမှာလည်း တစ်ခါတလေ ဒီဇယ်ပြတ်သွားတာ ရှိတယ်။ ဆီမရှိဘူးလို့ ပြောပဲ ပြောတယ်သူတို့က။ ဒီအတိုင် ဈေးတက်လာရင် ကျနော်တို့ မှာ ကုန်နဲ့ ဆန်ကားတွေ အဆင်ပြေမှာ မဟုတ်တော့ဘူးဗျ။ ကား ၃ စီးထွက်မယ့် နေရာမှာ ၁ စီး ပဲ ထွက်ရမှာ။ အဲဒါဆိုရင် အဆင်မပြေတော့ဘူး။ ကုန်စည်စီးဆင်းမှုလည်း အဆင်ပြေတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။
ယခုအတိုင်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲခြင်း၊ ဈေးနှုန်း တည်ငြိမ်မှု မရှိခြင်းများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဖြေရှင်းပေးရန် လိုအပ်သလို စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများ အနေဖြင့်လည်း ထိန်းညှိပေးရန် လိုအပ်ကြောင်း၊ စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်ရေး ဆောင်ရွက်သင့်ကြောင်း လုပ်ငန်းရှင်များက လိုလားနေကြသည်။
စက်သုံးဆီ ဈေးနှုန်း မြင့်တက်ပြီး တည်ငြိမ်မှု မရှိခြင်းနှင့် လိုအပ်သလောက် ဝယ်ယူ၍ မရခြင်းများကြောင့် လုပ်ငန်း လည်ပတ်မှု နှောင့်နှေးခြင်းများ ရှိလာသကဲ့သို့ ရပ်နားထားရသည့် လုပ်ငန်းများ ရှိနေကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1142
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် နှစ်ဖက်နိုင်ငံ ကုန်တင်ယာဉ်များကို မေလ ၁၆ ရက်နေ့မှ စတင်၍ ဝင်ထွက်ခွင့် ပြုလိုက်ခြင်းကြောင့် ခေါက်တိုကုန်တင်ယာဉ် ငှားရမ်းခများ ယခင်ကထက် အဆမတန် သက်သာလာကြောင်း မူဆယ် ကုန် သည်များထံမှ သိရသည်။
မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် မရရှိခင် အချိန်က ခေါက်တိုကုန်တင်ယာဉ် ငှားရမ်းခသည် တန် ၅၀ ဆံ့ တွဲကားတစ်စီးကို သိန်း ၁၀၀ နီးပါးဖြင့် ငှားရမ်းရကြောင်း၊ လက်ရှိ မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံသို့ တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိသွားသည့်အတွက် ငှားရမ်းခ ၁၀ သိန်းသာ ပေးရတော့ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးမင်းသိန်းက “ မေလ ၁၆ ရက်နေ့မှာ မြန်မာကားတွေကို အစားထိုး ယာဉ်မောင်းစနစ်ကနေ တိုက်ရိုက် ဝင်ရောက်လို့ ရပြီးတဲ့ နောက်မှာ ခေါက်တိုကားခတွေက ဈေးတွေ ကျသွားတယ်။ မေလ ၁၆ ရက်နေ့ မတိုင်မီက ဆန်အိတ် ၁ ထောင် တန် ၅၀ တင် တဲ့ တွဲကားတစ်စီးကို ကားခ သိန်း ၁၀၀ လောက် ပေးရတယ် ဗမာငွေ။ အခုကျတော့ မေလ ၁၆ ရက်နေ့ နောက်ပိုင်းမှာ ယခင် သိန်း ၁၀၀ လောက် ပေးရတဲ့ ကားခက အခု ၁၀ သိန်းလောက်ပဲ တန်တယ်။ ကားခက သိသိသာသာ ကျသွားတယ်။ ဘာကြောင့်လဲ ဗမာကားတွေ တိုက်ရိုက် ဝင်ခွင့်ရတဲ့အတွက်။ တကယ်လို့များ ဗမာကားတွေက မိမိကားကို မိမိကိုယ်တိုင် မောင်း ပြီး ဝင်လို့ရမယ်ဆိုရင် ခေါက်တိုကားခလည်း ဒီထက် ပြန်ကျအုံးမယ်” ဟု ပြောသည်။
ခေါက်တိုကုန်တင်ယာဉ် ငှားရမ်းခ ဈေးနှုန်းများ ကျဆင်းသွားရခြင်းသည် မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိသွားခြင်းနှင့် ယခုအချိန်သည် ကုန်ပစ္စည်းရှားပါးသည့် အချိန်ဖြစ်ခြင်းကြောင်းဟု သိရ သည်။
ယခင် သစ်သီးတင်ပို့မှု များပြားနေချိန် ကုန်တင်ယာဉ်များလည်း များပြားကာ အဆိုပါ အချိန်များတွင်မူ ကုန်တင် ယာဉ်ငှားရမ်းခများမှာ နှစ်နိုင်ငံအပြန်အလှန် ဈေးနှုန်းမြင့်တက်နေသော်လည်း လက်ရှိတွင် ကုန်စည် ရှားပါးခြင်း ကြောင့် ဈေးနှုန်း ကျဆင်းလာနေပြီဖြစ်သည်ဟု သစ်သီးကုန်ကားသမားတစ်ဦးဖြစ်သူ ကိုဆန်းဝင်းက CNI သတင်း ဌာနသို့ ပြောသည်။
“ကားခတွေကတော့ ကျသွားပြီ။ အဝင်လည်း ကျသွားပြီ။ အထွက်လည်း ကျသွားပြီ။ သစ်သီးရှားတဲ့အပေါ်မှာပဲ မူတည်တယ်။ အခုက သစ်သီးက ရှားသွားပြီလေ။ အရင်တုန်းက ဖရဲသီးတို့၊ သခွားမွှေးတို့ ဗမာကုန်သည်တွေက ဝင်ချင်တာများတော့ ကားခတွေ ဈေးတင်ပြီး ရတယ်။ အခုက ကျသလောက် ဖြစ်သွားပြီးတော့ တရုတ်ကားက ၈၅၀၀ (ယွမ်)၊ ၈၀၀၀၊ ၉၀၀၀ ပေါ့။ အရင်တုန်းက ၃ သောင်းခွဲလောက် ပေးရတာပေါ့။ ဟိုဘက်က အထွက်က အရင်တုန်းက ၃ သောင်းလောက် ပေးရတယ်။ အခုက ၆ ထောင်၊ ၅ ထောင် အမျိုးမျိုးပဲ” ဟု ပြောသည်။
ယခု ကုန်တင်ယာဉ် ငှားရမ်းခဈေးနှုန်းများ ကျဆင်းလာပြီဖြစ်သော်လည်း မူလပထမဈေးနှုန်း၊ ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားမီဈေးနှုန်းနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ အားလုံး ဖွင့်လှစ်ထားသည့် အချိန်၏ဈေးနှုန်းသို့ ပြန်လည် မရောက်ရှိသေးကြောင်း ဦးမင်းသိန်းက ပြောသည်။
“မူလဈေးနှုန်းမှာ အမှန်မှာ သူက ဟိုဘက်နဲ့ ဒီဘက်က မိုင်က ၁ မိုင်လောက်ပဲ ဝေးတယ်။ ပုံမှန်ဟိုးအရင်တုန်းက ဈေး ကိုဗစ်မဖြစ်ခင်တုန်းက ဈေးဆိုရင်၊ ဂိတ်တွေ အားလုံးဖွင့်တုန်းက ဈေးဆိုရင် ၂ သိန်းလောက်ပဲ ရှိတယ်။ အရင်တုန်းက ဂိတ်က ၅ ဂိတ်ဖွင့်တယ်။ ၅ ဂိတ် ဖွင့်တုန်းကကျတော့ ကျင်စန်းကျော့ကနေ ဝမ်တိန်သွားရင် ခေါက်တိုခက ၂ သိန်းလောက်ပဲ ကုန်တယ်။ ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဂိတ်တွေ ပိတ်တယ်။ စည်းကမ်းချက် တွေ ထုတ်တယ်။ ဗမာကားတွေ မဝင်ရဘူး။ အစားထိုးယာဉ်မောင်းတွေနဲ့ သွားတဲ့နောက်ပိုင်းမှာ ကားခတွေ ဈေးတက်လာတာ” ဟု ပြောသည်။
ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ မြန်မာ - တရုတ် ကုန်သွယ်ရေးတွင် အရေးပါသည့် ချင်းရွှေဟော်၊ နန်းတော်ဂိတ်၊ ဂျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ပြီး ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကိုသာ ပြန်လည်ဖွင့်လှစ်ထားသည်။
- By CNI News
- Category: ရာသီဉတု
- Hits: 2236
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုများကြောင့် စိုက်ပျိုး ထုတ် လုပ်နိုင်မှု စွမ်းအားများ ကျဆင်းလာနေခြင်းကို သတိပြုရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ (ဇွန်လ ၅ ရက်) တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားကြောင်း သိရသည်။
နစကဥက္ကဋ္ဌက “ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး ရာသီဥတု၏ ဆိုးကျိုး သက် ရောက်မှု အထူးသဖြင့် မုတ်သုံရာသီ တိုတောင်းလာခြင်း၊ နှစ်စဉ်ပျမ်းမျှ အပူချိန်တိုးလာခြင်းနှင့် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်ရှိ စိုက်ပျိုးမြေများတွင် ဆားငန်ရေ ဝင်ရောက်ခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု စွမ်းအားများ ကျဆင်း လာခဲ့ကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက် အနေဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မြေဆီလွှာ ပျက်သုဉ်းခြင်းများကြောင့် စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးရခြင်းများသည် ဒေသခံများ၏ စားဝတ် နေရေး ဆိုးကျိုးသက်ရောက်မှုများ ရှိခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကို များစွာ ထိခိုက်စေခဲ့သည်”ဟု ပြောသည်။
ထို့ကြောင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေလိုအပ်ချက် နည်း သည့် သီးနှံများ၊ ရေကြီးနစ်မြှုပ်မှုဒဏ်ခံ သီးနှံနှင့် ရောဂါနှင့်ပိုးမွှားဒဏ်ခံ သီးနှံများ ပြောင်းလဲ စိုက်ပျိုးခြင်း၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးခြင်း၊ ရေကိုချွေတာသုံးစွဲနိုင်သည့် ခေတ်မီ ရေသွင်းစနစ်များ အသုံးပြု စိုက်ပျိုးစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌက “မွေးမြူရေးကဏ္ဍသည် စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိက ပံ့ပိုးပေးနေပြီး စားသုံးမှု ပုံစံကို ပြောင်းလဲ လုပ် ဆောင်ရာတွင် အသားစားသုံးမှု တိုးမြှင့်နိုင်ရေးအတွက် အဓိကကျသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တိရစ္ဆာန်များကရသည့် ဇီဝ မြေသြဇာများသည် ကောင်းကျိုးများ ရရှိစေနိုင်ခြင်းကြောင့် မွေးမြူရေး လုပ်ငန်းများမှ ပတ်ဝန်းကျင်အပေး ဖြစ် လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝနှင့်ကိုက်ညီသည့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သည်မှာ မှန်ကန်သော်လည်း လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေး သွင်းအားစု စရိတ်များ မြင့်တက်နေခြင်း၊ စက်သုံးဆီဈေး မြင့်တက်နေခြင်း၊ နယ်စပ် ကုန်သွယ်ရေးဂိတ်များ ကုန်သွယ်နိုင်ရေး မလုပ်နိုင်ဘဲဖြစ်နေခြင်း တို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲလာကြောင်း လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများက ပြောသည်။
ထို့နောက် တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေများ သိမ်းဆည်းထားခြင်းကြောင့် တောင်သူများ လယ် ယာစိုက်ပျိုးစရာ မြေများ ရှားပါးနေခြင်း၊ နိုင်ငံတော်အဆင့် စီမံကိန်းများကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း ကြောင့် စိုက်ပျိုးမြေများ ရှားပါးနေခြင်း၊ စီးပွားရေး ကျဆင်းမှုများကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ကြခြင်းကြောင့် လယ်ယာလုပ်ကိုင်နိုင်သော လူငယ်များ နည်းပါးပြီး အသက်ကြီးရင့်သူများသာ ကျန်နေခြင်း စသည့် အခြေအနေများကြောင့် လည်း စိုက်ပျိုးရေး လုပ်ငန်းများ နည်းပါးလာနေကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။
လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုကနေ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်လာနေခြင်းကြောင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရ သလို နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲရှိနေ ကြောင်း၊ စိုက်ပျိုးပြီးသား လယ်ယာများ ရိတ်သိမ်းနိုင်ခြင်းပင် အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။
- By CNI
- Category: Watch TV
- Hits: 287
- By CNI
- Category: Watch TV
- Hits: 278
- By CNI
- Category: စီးပွားရေး
- Hits: 593
CNI International News
မော်စကို၊ ဇွန်လ ၄
ယူကရိန်း ဆိပ်ကမ်းများ၌ မိုင်းများ ရှင်းလင်းပြီးလျှင် ယူကရိန်းစပါး၊ ကောက်ပဲ သီးနှံတင် သင်္ဘောများ အတားအဆီးမရှိ ဖြတ်သန်းသွားလာခွင့်ကို ရုရှား အာမခံကြောင်း၊ ဘက်ဒ်ယန်ဆက်နှင့် မာရီယူပေါလ်ကဲ့သို့ ရုရှားထိန်းချုပ်ထားသော ဆိပ်ကမ်း များမှ လုံခြုံစိတ်ချစွာ တင်ပို့နိုင်စေမည်ဖြစ်ကြောင်း Rossiya 1 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် သမ္မတ ဗလာဒီမာပူတင်က ကတိပြုခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
ယူကရိန်း အစိုးရသည် ကုန်းလမ်းမှ ကောက်ပဲသီးနှံများ တင်ပို့ရောင်းချနိုင်ပြီး လက်တွေ့ အကျဆုံး နည်းလမ်းမှာ ဘယ်လာရုစ်နိုင်ငံ ဖြစ်သော်လည်း အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ပူတင်၏ အဆိုအရ သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့သော ပြဿနာများနှင့် စွမ်းအင် ပြဿနာများအပေါ် အခြေခံကြောင်း၊ အကြောင်းရင်းမှာ အနောက်အုပ်စု နိုင်ငံများ၏ အမြင်ကျဉ်းသည့် မူဝါဒကြောင့် ဖြစ် ကြောင်း ရုရှားသမ္မတ ပူတင်က ယခုအင်တာဗျူးတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဈေးကွက် အတွင်းရှိ စားနပ်ရိက္ခာ ပြဿနာများနှင့် ပတ်သက်၍ ပူတင်က “ဥရောပနိုင်ငံများ၏ အမြင်ကျဉ်းမြောင်း သော မူဝါဒနှင့် စွမ်းအင် နယ်ပယ်အတွက် ပထမ သာဓကအဖြစ် ဥရောပကော်မရှင်၏ သဘောထားတို့အပေါ် မူတည်နေခဲ့ ကြောင်း” ဆက်လက် ပြောကြားခဲ့သည်။
ပူတင်နဲ့ Rossiya 1 TV channel အင်တာဗျူးနေစဉ်
“အဲဒီနေရာမှာ ဖြစ်ပေါ် တိုးတက်မှုတွေကို ကျနော်တို့ သတိပြုမိပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံရေး အင်အားစုတွေဟာ ရာသီဥတု အခြေအနေနဲ့ ပတ်သက်လို့ ကမ္ဘာ့လူသားတွေရဲ့ ပကတိ စိုးရိမ်မှုတွေကိုလည်း ထည့်စဉ်းစားလာကြပြီဆိုတာ ကျနော်ကိုယ်တိုင် လက်ခံယုံကြည်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုအတွက် စွမ်းအင်ကဏ္ဍ အပါအဝင် အခု ပြောပြောနေကြ တဲ့ အစိမ်းရောင် အစီအစဉ်ကို မြှင့်တင်နေကြပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။
“အဲဒီနောက်မှာ ဥရောပနိုင်ငံတွေက သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးအတွက် နှစ်ရှည် စာချုပ်တွေကို ထိန်းထားဖို့ ကျနော် အလေး အနက် တောင်းဆိုတာကို နားမထောင်ဘဲ ပိတ်ဆို့လိုက်ကြတယ်ဗျာ။ စာချုပ် အတော်များများက အသက်ဝင်နေသေးပေမယ့် သူတို့ဘက်က စပြီး ပိတ်တာလေ။ ဒါကလည်း အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ဥရောပစွမ်းအင်ဈေး တက်လာတယ်လေ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရုရှားသည် ယူကရိန်း၏ ဆန်စပါးနှင့်ဂျုံ တင်ပို့မှုများကို မဟန့်တားကြောင်း၊ တင်ပို့ရေးကို ပင်လယ်နက် ဒေသအတွင်းရှိ ဆိပ်ကမ်းများနှင့် အိမ်နီးချင်းနိုင်ငံများမှတဆင့် လုပ်ဆောင်နိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ယူကရိန်းရဲ့ ကောက်ပဲ သီးနှံ တင်ပို့မှုနဲ့ ပတ်သက်ပြီး ကျနော်တို့က အတားအဆီး မရှိပါဘူး” ဟု ပူတင်က အတိအလင်း ပြောကြားခဲ့သည်။
တင်ပို့ရေးအတွက် နည်းလမ်းများစွာရှိကြောင်း၊ ယူကရိန်းထိန်းချုပ်ထားသော ဆိပ်ကမ်းက တဆင့်ဖြစ်စေ၊ ဘက်ဒ်ယန်ဆက် နှင့် မာရီယူပေါလ်မြို့များမှ တဆင့်ဖြစ်စေ ဒင်းညုမြစ်ကြောင်းအတိုင်း ရိုမေးနီးယား၊ ဟန်ဂေရီနှင့် ပိုလန်တို့ကို ဖြတ်သန်း တင် ပို့ နိုင်ကြောင်း၊ အရိုးရှင်းဆုံးနှင့် လက်တွေ့အကျဆုံး လမ်းကြောင်းမှာ ဘယ်လာရုစ်နိုင်ငံကို ဖြတ်ပို့ရန် ဖြစ်သော်လည်း ထို လမ်းကြောင်းအတွက် အနောက်အုပ်စု ပိတ်ဆို့မှုများ ဖယ်ရှားပေးဖို့ လိုအပ်ကြောင်း ပူတင်က ရုပ်သံအင်တာဗျူးထဲ၌ အကျယ်တဝင့် ပြောကြားသွားခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: စီးပွားရေး
- Hits: 560
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄
တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ဘက်တွင် ပိတ်မိနေသည့် မြန်မာဘက်မှ ကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းများအား မကြာခင်တွင် ပြန်ထုတ်ခွင့်ရတော့မည်ဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံက သိရသည်။
တွဲကားအစီးရေ ၆၀၀ နီးပါးခန့်သည် ကျယ်ဂေါင်ဘက်တွင် ကိုဗစ်ကြောင့် တစ်နှစ်ကျော်ကြာပိတ်မိနေပြီး ပြန်ထုတ်မရသည့်အတွက် အချို့ ကုန်ပစ္စည်းများမှာ ပျက်စီးသွားပြီဖြစ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးမင်းသိန်းက “ဒါတွေက ကြာလည်းကြာသွားပြီဆိုတော့ တချို့တွေဆို ပျက်စီးကုန်ပြီ။ အဲဒီတော့ နှစ်နိုင်ငံ တာဝန် ရှိပုဂ္ဂိုလ်တွေ တိုင်ပင်ဆွေးနွေးပြီးတော့ ဒီကုန်ပစ္စည်းတွေကို ကျယ်ဂေါင်ကနေပြီးတော့ ရွှေလီ၊ ကျယ်ဂေါင်နဲ့ မူဆယ်ဆိုတာ ခြံစည်းရိုးပဲခြားတယ်။ ဒါပေသိ ကျယ်ဂေါင်-မူဆယ် ဂိတ်ကို ပိတ်ထားတဲ့အတွက် ကျယ်ဂေါင်မှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို ကျယ်ဂေါင်ကနေပြီးတော့ ရွှေလီသွားမယ်၊ ရွှေလီကနေပြီး ဝမ်တိန်ကို လာမယ်။ ဝမ်တိန်ကမှတဆင့် ကျင်စန်းကျော့ဂိတ်ကိုဖြတ်ပြီးတော့ ဗမာပြည်ထဲကို ပြန်ဝင်တဲ့အစီအစဉ် ဆောင်ရွက်နေပါ တယ်။ အခုတော့ စီစဉ်နေတာတော်တော်လေး အဆင်ပြေနေပါပြီ။ လိုအပ်တဲ့ကိစ္စတွေ အနည်းအကျဉ်းပြီးရင်တော့ ဒီပစ္စည်းတွေ ထုတ်လို့ရပါပြီ။ လောလောဆယ်မပြီးပြတ်သေးဘူးဆိုတာက ဂျူတီကိစ္စတွေ မပြီးပြတ်သေးလို့။ ဂျူတီကိစ္စတွေ ပြီးပြတ်ပြီးရင်တော့ ဒီပစ္စည်းတွေ ထုတ်လို့ရပါပြီ” ဟုပြောသည်။
ထိုပစ္စည်းများမှာ ဆောက်လုပ်ရေး၊ ဆေးဝါး၊ စားကုန်သောက်ကုန်၊ လျှပ်စစ်၊ စက်ပစ္စည်းတို့ဖြစ်ပြီး ယခုကဲ့သို့ လမ်းကြောင်း ၃ ခုမှ ပြန်ထုတ်ရမည်ဖြစ်သည့်အတွက် ကုန်သည်များ ကုန်ကျစရိတ်ပိုများမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာ-တရုတ်နိုင်ငံနယ်စပ်ဖြစ်သည့် ကျယ်ဂေါင်ဂိတ်အား တွေ့ရစဉ်
ကျယ်ဂေါင်တွင်ပိတ်မိနေသည့် ကုန်ပစ္စည်းများအား ပြန်ထုတ်ခွင့်ပြုရန် မြန်မာဘက်မှ ကုန်သည်များက တောင်းဆိုသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ယခုလအတွင်း ထိုကုန်ပစ္စည်းများအား ပြန်ထုတ်၍ရမည်ဖြစ်ကြောင်း ဦးမင်းသိန်းက ပြောသည်။
ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်ရန်အတွက်လည်း နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးနေကြကြောင်းသိရသည်။
ဦးမင်းသိန်းက “အများကြီးကောင်းသွားတာပေါ့။ အခုက ဂိတ်တစ်ဂိတ်ပဲဖွင့်တယ်။ ရှိတာက ဂိတ် ၅ ဂိတ်လောက် ရှိတယ်။ ၅ ဂိတ်လုံးဖွင့်နိုင်မယ်ဆိုရင် ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်သွားမယ်။ ခေါက်တိုခတွေလည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေ အများကြီး ကျဉ်းသွားမယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ ဂိတ်အားလုံး ဖွင့်မယ်ဆိုရင်တော့ ဒါအများကြီးကောင်းပါတယ်။ အများကြီး နယ်စပ်ကုန်သွယ်ရေးဟာ ဖွံ့ဖြိုးတိုးတက်လာမယ် လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ကျင်စန်းကျော့ဂိတ်မှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ရော်ဘာ စသည့် စားကုန်သောက်ကုန်ပစ္စည်းများသည် တရုတ်ဘက်သို့ တစ်ရက်လျှင် ကုန်အကားအစီးရေ ၅၀ ခန့် ဝင်ရောက်ကြောင်းနှင့် တရုတ်ဘက်မှလည်း မြန်မာ ဘက်သို့ ကုန်ကား ၅၀ ခန့်ဝင်ရောက်ကြောင်းသိရသည်။
တရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပြုရာတွင် ကိုဗစ်နှင့်ပတ်သက်၍ ယခင်ကထက် တင်းကြပ်မှုမရှိသော် လည်း တင်ပို့မည့် ကုန်ပစ္စည်းများတွင်မူ ကိုဗစ် ရှိ၊ မရှိ စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 952
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄
ယခု ဇွန်လမှစတင်ကာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကုန်သွယ်ရေးတွင် တရုတ်နိုင်ငံဘက်က ကိုဗစ်စည်းကမ်းချက် များကို တဖြည်းဖြည်း ဖြေလျှော့လာသည်ဟု မူဆယ်ကုန်သည်များထံမှ သိရသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “၆ လပိုင်း လဆန်းကစပြီးတော့ ဘာဖြစ်လာလဲ ဆိုတော့ ကိုဗစ်စည်းကမ်းချက်တွေကို တရုတ်နိုင်ငံဘက်ကနေပြီးတော့ လျှော့ချလာတယ်။ အသီးကားတွေကို အရင်တုန်းက ဆေးဖျန်းတဲ့နေရာ ၄ နေရာလောက် ဖျန်းတယ်။ အခု ၁ နေရာလောက်ပဲ ဖျန်းတော့တယ်။ ဒီလို ၁ နေရာပဲ ဖျန်းတော့တဲ့အတွက် အသီးတွေက ဆေးဖျန်းတာ နည်းသွားတော့ အသီးတွေ မနာတော့ဘူးပေါ့။ ဒီအတွက် အသီးကားသမားတွေအတွက် သိသိသာသာကြီး အကျိုးရှိတာပေါ့။ မြန်မြန်ဆန်ဆန် သွက်သွက် လက်လက် ဝင်နိုင်တယ်။ နံပါတ် ၂ က ကိုဗစ် ကန့်သတ်ချက်စာရွက်စာတမ်းတွေကို အများကြီး လျှော့ထားတယ်။ အရင်တုန်းက ၃/၄ ခု ပေးရတဲ့နေရာက အခု ၁ ခုလောက်ပဲ ပေးရတော့တယ်။ ဒါကြောင့် တဖြည်းဖြည်းတော့ ကိုဗစ်စည်းကမ်းချက်တွေကို လျှော့ချနေတာ တွေ့ရှိရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံသို့ သစ်သီးများ တင်ပို့ရာတွင် ကိုဗစ်ကန့်သတ်ချက်ပေါ် မူတည်နေခြင်းကြောင့် ကိုဗစ်စည်းကမ်း များကို ထပ်မံဖြေလျှော့ပေးလာပါက ကုန်သွယ်ရေး ပုံမှန်ပြန်ရောက်လာနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။
လက်ရှိတွင် ကိုဗစ်စည်းကမ်းချက် အနည်းငယ် ဖြေလျှော့လာသည့်အတွက် သစ်သီးတင်ပို့မှုကြာချိန်သည် ယခင်ကထက် လျော့ကျလာသည်ဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က CNI သို့ ပြောသည်။
“သစ်သီးတင်ပို့မှု အပိုင်းကတော့ ရှေ့လျှောက် လာမယ့်ဟာကတော့ ကိုဗစ်ထိန်းချုပ်မှုပေါ် မူတည်တာပေါ့။ ဒါကလည်း တရုတ်ဘက်က တဖြည်းဖြည်း ဖြေလျှော့နေတာတော့ ရှိတာပေါ့။ တရုတ်ဘက်ကတော့ အရင်တုန်းက ၁ လလောက် ရက် ၂၀ လောက် ကြာတဲ့ဟာက အခုက ၄/၅ ရက် ၁ ပတ်နဲ့တော့ ဝင်သွားပြီ။ နောက်အလားအလာ ကတော့ ပုံမှန်ဖြစ်ဖို့ လမ်းကြောင်းပေါ်တော့ ပြန်ရောက်လာမှာပဲ” ဟု ပြောသည်။
သစ်သီးတင်ပို့မှုသည် ကိုဗစ်ကန့်သတ်ချက်များကြောင့် ယခုနှစ်တင်ပို့မှုသည် ယခင်နှစ်ထက်တင်ပို့မှု ပမာဏ ထက် နည်းပါးသည်ဟု ကုန်သည်များထံမှ သိရသည်။
တရုတ်နိုင်ငံ၏ ကိုဗစ်ကန့်သတ်ချက် တင်းကြပ်မှုများသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သစ်သီး ဝလံနှင့် ကုန်စည်များ၏ အရည်အသွေး ကျဆင်းမှု ဖြစ်ပေါ်စေသည့်အပြင် တင်ပို့ရာတွင် အချိန်နှောင့်နှေး ကြန့်ကြာစေကြောင်း သိရသည်။
လတ်တလော သစ်သီးများ တင်ပို့ရာတွင် တရုတ်နိုင်ငံဘက်ခြမ်းတွင် ကားခဈေးနှုန်းများ ကျဆင်းနေပြီဖြစ်သော် လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ ကုန်ကားကွင်းကြေးနှင့် အစားထိုးယာဉ်မောင်းခဈေးနှုန်းများမှာ ကျဆင်းနေခြင်း မရှိသေးကြောင်း ဦးစိုင်းခင်မောင်က ဆက်ပြောသည်။
“ကုန်ကျမှု တရုတ်ဘက်ကတော့ ကားခတွေ တဖြည်းဖြည်းတော့ ကျလာတယ်။ မြန်မာဘက်ကတော့ မကျသေးဘူးပေါ့။ မြန်မာဘက်က ကွင်းကြေးတို့၊ ရှန်တိန်တို့ ဆေးစစ်တာတို့ ဖြေလျှော့တာ မတွေ့ရသေးဘူး။ တရုတ်ဘက်ကတော့ အဆင့်လိုက် ဖြေလျှော့နေတာပေါ့နော်” ဟု ပြောသည်။
တရုတ်နိုင်ငံဘက်မှ ကိုဗစ်ရောဂါဆိုင်ရာ ထိန်းချုပ်ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖြေလျှော့လာနေပြီ ဖြစ်သည့်အတွက် ပိတ်ထားသည့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ယခုနှစ်အတွင်း ပြန်လည် ဖွင့်လှစ်လာနိုင်ခြေရှိသည်ဟု ကုန်သည်များက သုံးသပ်နေကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 728
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄
ပြည်တွင်း လေကြောင်းလိုင်းများတွင် လိုက်ပါမည့် ခရီးသည်များထဲတွင် ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများအား လေဆိပ်တွင် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးမှုအား ပယ်ဖျက်လိုက်သဖြင့် လေကြောင်း ခရီးသွားလာမှု ပိုများလာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ အားကောင်းလာပြီး မြန်မာ့စီးပွားရေးလုပ်ငန်း ပြန်လည် ဦးမော့လာစေရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေရန် ယခုကဲ့သို့ ဖြေလျှော့ပေးလိုက်ခြင်းဖြစ်သည်။
ဦးနောင်းနောင်းဟန်က “လေကြောင်းခရီးသွားက အရင်က တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတာ ပြည်တွင်းမှာ လေ။ လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲပေမယ့်လည်း နှာခေါင်းထိုးခံရပြီး စစ်ဆေးခံရမှာ ကြောက်လို့ပေါ့။ လူတွေက လေ ကြောင်းနဲ့ မသွားကြတာ၊ လေကြောင်းလိုင်းကို မရွေးချယ်ဘဲ ဖြစ်နေကြတာပေါ့။ ဒါပေမယ့် အခု ဒီဖြေလျှော့မှု လုပ်ပေးလိုက် တဲ့ အတွက်ကြောင့် ပြည်တွင်းမှာရှိတဲ့ လေကြောင်း ခရီးသွားမှုတွေ အများကြီး ပိုများလာပါလိမ့်မယ်။ အထူးသဖြင့် ဝေးလံ ခေါင်ပါးတဲ့ နေရာတွေဆိုရင် လေယာဉ်နဲ့ပဲ သွားရတာကိုး။ အခုအဲဒါတွေကို ကြောက်လို့ မသွားကြတဲ့သူတွေက ပြည်တွင်းမှာ ခရီးသွား လာတာတွေ အများကြီး မြင့်တက်လာပါလိမ့်မယ်။ ပြည်တွင်း လေကြောင်း လုပ်ငန်းအတွက်တော့ ဒါအများကြီး တိုးတက်မှု ရှိလာတယ်။ တိုးတက်မယ့် အလားအလာတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ လေကြောင်းခရီးစဉ်တွေ ပြန်ပြီး အများကြီး ပြန်ပြေးဆွဲလာလိမ့်မယ်ပေါ့ ပြည်တွင်းက လေဆိပ်တွေကိုလေ။ အဲဒါကြောင့် ခရီးသွား လုပ်ငန်းအတွက်တော့ အင်မတန်မှ အကျိုးရှိပါတယ် ဒါကလေ” ဟု ပြောသည်။
ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများအတွက် ယခုကဲ့သို့ ပြည်တွင်းလေကြောင်း ခရီးစဉ်နှင့်ပတ်သက်၍ ဖြေ လျှော့ပေးလိုက်ခြင်းသည် အဆင်ပြေကြောင်း ကိုဗစ် အစစ်ခံရမည်ကို ကြောက်သဖြင့် လေယာဉ်နှင့် ခရီးမသွားသည့် မမီးမီးက CNI သတင်းဌာနသို့ ပြောသည်။
မမီးမီးက “အဲဒီလိုမျိုး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပေမယ့်လည်း ထပ်စစ်ရမယ်ဆိုတော့ တကယ်လို့ ကိုဗစ်စစ်လို့ ထပ်တွေ့ သွားတယ်ဆိုရင် ရန်ကုန် မသွားရဘဲနဲ့ ကွာရန်တင်းစင်တာ ဝင်ရမယ်လေ။ အဲဒါကြောင့် ကွာရန်တင်းစင်တာ မဝင်ချင်တဲ့ အတွက်ကြောင့်မို့လို့ လေယာဉ်နဲ့ မသွားတော့ဘူး။ ကားနဲ့ပဲ ခရီးသွားကြတယ်ပေါ့။ လေယာဉ်နဲ့ဆိုရင် တစ်နာရီခွဲ ကြာ မယ့် ခရီးကို ကားနဲ့ခရီးသွားတော့ တစ်ညအိပ် ခရီးသွားရတယ်ဆိုတော့ အချိန်ကြန့်ကြာသွားတာပေါ့။ အခုလိုမျိုး ကိုဗစ်ဆေး နှစ်ခါ ထိုးထားပြီးပြီ။ လေယာဉ်စီးရင် ကိုဗစ်ဆေး နှစ်ခါထိုးထားတာကို ပြနိုင်တယ်ဆိုရင် သွားလို့လာလို့ အဆင်ပြေသွားပြီ ဆိုတော့ အကုန်လုံး အဆင်ပြေတယ်လို့ ပြောရမှာပေါ့နော်”ဟု ပြောသည်။
လေကြောင်း ခရီးသွားများကိုတွေ့ရစဉ်
လေယာဉ်စီးနင်းပါက ကိုဗစ် ရှိ၊ မရှိ စစ်ဆေးသည့်အတွက် ခရီးသွားအများစုသည် ကားလမ်းကြောင်း အသုံးပြု၍ ခရီးသွား ခြင်းမှာ များပြားခဲ့ပြီး လေကြောင်းခရီးစဉ်အား ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့လိုက်သော်လည်း ကာလမ်းဖြင့် ခရီးသွားလာမှု သည် ပုံမှန်ရှိနေဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
၎င်းက “လေကြောင်းဘက်မှာပဲ တိုးသွားမှာ။ ကားနဲ့သွားတဲ့ ခရီးစဉ်ကတော့ သိသိသာသာကြီး လျော့သွားမှာတော့ မဟုတ်ဘူး။ နဂိုကတည်းကိုက ကားတွေက အများကြီး ထွက်ပြီးတော့ တစ်နေ့တစ်နေ့ကို ထောင်နဲ့ချီတဲ့ ခရီးသည်တွေက သွားနေ တာဆိုတော့လေ။ တကယ်တော့ လေကြောင်းလိုင်း ဘက်မှာကျတော့ ရာနဲ့ချီတဲ့ ခရီးသည်တွေကို သွားဖို့အတွက် ကျနော်တို့ မှာ လိုနေတာပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ လေကြောင်းတွေ ဆွဲဖို့လိုမယ်။ အခုတော့ ဆယ်ကဏန်း လောက်ပဲ ရှိတယ်။ ရာ ကဏန်းဆိုလည်း တစ်ရာ နှစ်ရာလောက်ပဲ ရှိတဲ့အတွက် လေကြောင်းခရီးမှာ နည်းနေတာ။ အမှန်တကယ် လေကြောင်းခရီးနဲ့ သွားတာက လေး၊ ငါးရာကနေ တစ်ထောင်လောက်အထိ ရှိတော့မှသာ ပြည်တွင်း လေယာဉ်တွေလည်း များများ ပြေးဆွဲပြီး တော့ အလုပ်ဖြစ်နိုင်မှာပေါ့။ လေကြောင်းမှာ တိုးတက်သွားတဲ့ ပမာဏလေး လေး၊ ငါးရာ၊ တစ်ထောင်လောက်လေးဟာ ကားလမ်းနဲ့သွားနေတဲ့ ခရီးသည်တွေနဲ့ ယှဉ်လိုက်ရင် အများကြီး ပြောပြလောက်အောင် မလျော့သွားပါဘူး” ဟု ပြောသည်။
ပြည်တွင်းတွင် လေယာဉ်ဖြင့် ခရီးသွားမည့်သူများ အနေဖြင့် လွန်ခဲ့သော ၁၄ ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာနမှ အသိ အမှတ်ပြု ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ အသက် ၁၂ နှစ်အောက် ကလေးများ အား ကိုဗစ် ကာကွယ်ဆေးထိုး လက်မှတ်တင်ပြခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် သူများမှာ ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ် မရှိ ကြောင်း စမ်းသပ်ထားသည့် အဖြေကို လေဆိပ်၌ check in ဝင်သည့် အချိန်တွင် ပြသရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ Check in ဝင်သည့် အချိန်တွင် ဆိုက်ရောက်သည့်မြို့၌ တည်းခိုးမည့် နေရာအား တိကျမှန်ကန်စွာ ဖြည့်စွက်ရမည် ဖြစ်ကြောင်း ပါရှိသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 973
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃
တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ် တစ်ရပ်ကို ပြည်သူနှင့်အတူ လက်တွဲ၍ အမြန် ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် နစကဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ယနေ့ (ဇွန်လ ၃ ရက်) ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောသွား ခဲ့သည်။
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မူပိုင်ခွင့်ဥပဒေများတွင် ဖော်ပြထား ကြောင်း၊ ဗဟိုကော်မတီ အနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်မည့် မူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များကို လမ်းညွှန်ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီက ချမှတ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်မည့် အမိန့် ကြော် ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရန် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီကို အမြန်ဆုံး ဖွဲ့စည်းဆောင် ရွက်ရမည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။
၎င်းက “ယခု ဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီတွင် ပါဝင်သော တာဝန်ခံ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန် ကြီးဌာန၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ပါဝင် ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများတွင် ဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများ၊ တီထွင် ဆန်း သစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ် တစ်ရပ်ကို အစိုးရနှင့်ပြည်သူ အတူလက်တွဲ၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြ”ဟု ပြောသည်။
ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် ရက်စွဲဖြင့် ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှု ဒီဇိုင်းမှုပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း သိရသည်။
အလားတူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင် ခွင့် ဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး မူပိုင်ခွင့် ချိုးဖောက်မှုအပေါ် အကောက်ခွန်ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စသည့် ဌာနများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင် ရွက် သွားကြရမည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။
- By CNI
- Category: Watch TV
- Hits: 270
Page 40 of 45