CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၅

ပြည်တွင်းမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး စကားဝိုင်းမှ ချုပ်ငြိမ်းနိုင်လိမ့်မည်ဟု မထင်ကြောင်း ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခမှာ အစုအဖွဲ့တစ်ခုမှ တိုက်ခိုက်သည့် ပုံစံမျိုး မဟုတ်တော့ကြောင်း၊ လူထု တော်လှန်ရေး ဖြစ်သွားသည့်အတွက် ညှိနှိုင်းရန် ခဲယဉ်းသွားကြောင်း ၎င်းက ပြောသည်။

ကိုဗညားက “ညှိနှိုင်းဆွေး‌နွေးမှုကနေတော့ အဖြေရဖို့ကတော့ မလွယ်ဘူးပေါ့နော်၊ ပြန်ပြီးမှ ထပ်ခါတစ်လဲလဲ ပြန်ဖြစ်မှာဆိုတဲ့ စိုးရိမ်ချက်ကတော့ အများကြီး ရှိပါတယ်၊ သို့ပေမဲ့လည်း အခြားတစ်ဖက်မှာကလည်း ကျနော်တို့ ဒီလူထုရဲ့ နစ်နာထိခိုက်မှု အနည်းဆုံး ဖြစ်အောင်ကတော့ ဒီကြားကာလပုံစံမျိုး ငြိမ်းချမ်းရေး စကားဝိုင်းကနေ တစ်ဆင့် ကျနော်တို့ ဖြေရှင်းနိုင်မလားပေါ့နော်၊ ဒါပေမဲ့ ဒီဟာကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် လူထုတွေရဲ့ လက်ခံနိုင်မှု မရှိရင်လည်း အစုအဖွဲ့တစ်ဖွဲ့နဲ့ လုပ်လို့ပြီးတဲ့ ပုံစံမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီငြိမ်းချမ်းရေး စကားဝိုင်းကနေတော့ အလွယ်တကူ ဒီစစ်ပွဲတွေ ပြီးဖို့ ချုပ်ငြိမ်းနိုင်လိမ့်မယ်လို့ ကျနော် မထင်ဘူးခင်ဗျ” ဟု ပြော သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခင်းအကျင်းအရ လက်နက်ကိုင် ပဋိပက္ခမှာ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။

မြန်မာ့တပ်မတော် စစ်သမီးများကို တွေ့ရစဉ်

အဆိုပါ ပဋိပက္ခများကြောင့် လူသေဆုံးမှုများ၊ နေအိမ် မီးလောင်ပျက်စီးမှုများ၊ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် မှုများ ဖြစ်ပွားလျှက်ရှိနေသည်။

ထိုပြဿနာများကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အဖွဲ့အစည်းအချို့က ကြိုးစားနေ သည့်တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ စစ်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေး‌နွေးပွဲများ လုပ်ရမည်ဖြစ်ကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြုတ်တိုက်ရေးမှာ မဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာန သို့ ပြောသည်။

လုံခြုံရေးတပ်ဖွဲ့နဲ့ ဒီမိုကရေစီ တောင်းဆိုသူကိုတွေ့ရစဉ်

၎င်းက “ဒါကတော့ ကျနော်ပြောချင်တာက‌တော့ တွေ့ဆုံဆွေးနွေးပွဲလည်း လုပ်ရမယ်၊ ဒါပေမဲ့ တွေ့ဆုံဆွေး‌နွေး ပွဲကြီးလည်း မရဘူးဗျ၊ စာတွေ့ရော လက်တွေ့ရော လုပ်ရမယ်၊ တစ်ဖက်ကလည်း တွေ့ဆုံဆွေးနွေးပွဲ လုပ်ရမယ်၊ အဲဒီတွေ့ဆုံ ဆွေး‌နွေးပွဲအလိုက် ဆုံးဖြတ်တဲ့ဟာတွေကိုလည်း တစ်ခါထဲ ချက်ချင်း အကောင်အထည်ဖော်ရမယ်၊ ကျနော်သဘောကတော့ တွေ့ဆုံဆွေး‌နွေးမယ်၊ ပူးပေါင်းဆောင်ရွက်မယ်၊ ပူးပေါင်းဆောင်ရွက် အကောင်အထည် ဖော်ရမယ်၊ အဲဒါကို ပူးတွဲပြီး လုပ်ရမယ်၊ တစ်ဖက်နဲ့ တစ်ဖက် ကျနော် ဒီလိုမြင်တယ်၊ ဒုတိယအချက်ကတော့ ခင်ဗျား ခုနက မေးတဲ့ အကြမ်းဖက်လမ်းစဉ်ကို သူပြုတ်တိုက် ကိုယ်ပြုတ်တိုက် အဲဒါတော့ မဖြစ်နိုင်ဘူးဗျ၊ မဖြစ် နိုင်ဘူးဆိုတာက အပြုတ်တိုက် လမ်းစဉ်ဆိုတာ ဘယ်တော့မှ မပြီးဘူးဗျ၊ တစ်ယောက်နဲ့ တစ်ယောက် သူအား သာတဲ့အချိန်မှာ သူနိုင်မှာပဲ၊ သူအားနည်းတဲ့အချိန် ရှုံးသွားမှာပဲ အားသာမှု အားနည်းမှုဆိုတာလည်း ကျနော်တို့က ပြည်သူပါမှ ဖြစ်တာ ပြည်သူကလည်း ကနေ့ချိန်ခါမှာ အမှန်ပြောရရင် ဟိုဟာတွေ ဖြစ်ကုန်ပြီဗျ၊ ပြည်သူက နိုင်ငံရေးကို စိတ်ကုန်သွားပြီ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် တိုက်ပွဲပေါင်း ၉၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ထိုပဋိပက္ခများကြောင့် တိုက်ပွဲရှောင် ၃ သန်းနီးပါး တိုးလာကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။