CNI International News

ကိယက်ဗ်၊ မေလ ၂၅

ရုရှား၏ ဝဂ်နာ (Wagner) အဖွဲ့ပိုင်ရှင်သည် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအစိုးရ၏ ရပ်တည်ချက်ကို ထပ်မံဆန့်ကျင်ပြောဆိုခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ရုရှား၏ ယူကရိန်းအားစစ်မဲ့ဖြစ်ရေး လုပ်ဆောင်ချက်သည် ပြောင်းပြန်ရလဒ်ထွက်ပေါ်နေသည်ဟု ၎င်းကပြောကာ ရုရှားတပ်များသည် အရပ်သားများကို သတ်နေကြောင်း ဝန်ခံခဲ့ပြီး ဘတ်မွတ်ခ် (Bakhmut) တိုက်ပွဲတွင် တပ်ဖွဲ့ဝင် ၂၀၀၀၀(နှစ်သောင်း)ကျော် သေဆုံးခဲ့သည်ဟု အတည်ပြုပြောဆိုခဲ့သည်။

ဘတ်မွတ်ခ်မြို့တွင် သေဆုံးခဲ့သူများ၏ တစ်ဝက်ခန့်သည် စစ်ပွဲအတွက် လူသစ်စုခြင်းခံရသည့် ရုရှားအကျဉ်းသား များဖြစ်ကြောင်း ယက်ဗ်ဂျီနီ ပရီဂေါ့ဇင် (Yevgeny Prigozhin) က ပြောသည်။ ၎င်း၏ပြောဆိုမှုသည် ဇန်နဝါရီလ အထိ တပ်သား ၆၀၀၀ သာ သေဆုံးထားသည်ဆိုသော ရုရှားအစိုးရထုတ်ပြန်ချက်နှင့် လုံးဝဆန့်ကျင်နေသည်။

တဖက်တွင် ယူကရိန်းဘက်က တစ်နှစ်ကျော်ကြာ စစ်ပွဲအတွင်း ၎င်းတို့တပ်ဖွဲ့ဝင် မည်မျှသေဆုံးသည်ကို ထုတ်ပြန် ဖူးခြင်းမရှိပေ။ ပရီဂေါ့ဇင်၏ ပြောဆိုမှုသည် ရုရှားစစ်သားသေဆုံးမှု မြင့်တက်လာသည်ဆိုသော ၎င်းတို့ ခန့်မှန်း ချက်နှင့် ကိုက်ညီသည်ဟု အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ ရုရှားတပ်ဖွဲ့ဝင်သေဆုံးမှု အရေအတွက် သည် ၁၀၀၀၀၀(တစ်သိန်း)အထိရှိလာပြီဟု အိမ်ဖြူတော်က ယခုလအတွင်း ခန့်မှန်းပြောဆိုခဲ့သည်။

ဝဂ်နာအုပ်စု၏ စစ်ဘက်ဆိုင်ရာကုမ္ပဏီအကြီးအကဲ ပရီဂေါ့ဇင်သည် ယူကရိန်းနိုင်ငံ ဘတ်မွတ်ခ်မြို့ရှိ ၎င်း၏ စစ်သားများရှေ့တွင် ရုရှားနိုင်ငံအလံကို ကိုင်ဆောင်ကာ စကားပြောနေစဉ်(ဓါတ်ပုံ-အေပီ)

သေဆုံးသူများ၏ တစ်ဝက်ခန့်မှာ ဝဂ်နာအဖွဲ့ဝင်များဖြစ်သည်ဟုလည်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby) က ပြောသည်။ကိုးလကြာ ဘက်မွတ်ခ်မြို့သိမ်းတိုက်ပွဲအတွင်း သေဆုံး ခဲ့သူအများစုမှာ စစ်ရေးလေ့ကျင့်မှု အားနည်းသည့် ရုရှားအကျဉ်းသားများဖြစ်သည်ဟု လေ့လာသူများက ယုံကြည် နေသည်။

အကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော ပရီဂေါ့ဇင်က ခဲယမ်းများကို လုံလောက်စွာ မထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ ရုရှားအာဏာပိုင်များကို မကြာခဏဆိုသလို ဝေဖန်ခဲ့သူဖြစ်သည်။ ၎င်းသည် ရုရှားအရာရှိများ၏ နည်းဗျူဟာ၊ ကတိကဝတ်၊ ခေါင်းဆောင်မှုစွမ်းရည်တို့နှင့် ပတ်သက်၍လည်း မေးခွန်းထုတ်ကာ ရုရှားစစ်ဘက် အရာရှိများသည် တိုက်ပွဲအောင်မြင်မှုများအတွက် ဝဂ်နာတို့အပေါ် လုံလောက်သော ဂုဏ်ပြုမှုလည်း မရှိဟု ပြော သည်။

ပရီဂေါ့ဇင်သည် ဘတ်မွတ်ခ်မြို့ကိုသိမ်းနိုင်ပြီဖြစ်ကြောင်း စနေနေ့တွင်ပြောဆိုခြင်းဖြင့် ဝဂ်နာများ၏ စွန့်လွှတ် အနစ်နာခံမှုကိုလည်း ထောက်ပြပြောဆိုခဲ့သည်။ ရုရှားအစိုးရကို လိုလားသော မီဒီယာတစ်ခုနှင့် အင်တာဗျူးရာ တွင် ၎င်းသည် ရုရှားသမ္မတပူတင် (Putin) ၏ ယူကရိန်းစစ်ပွဲ ဆင်နွှဲရခြင်း ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့ပြန် သည်။ အနောက်အုပ်စု၏ လက်နက်နှင့် လေ့ကျင့်ရေးဆိုင်ရာ အထောက်အပံ့များကြောင့် ယူကရိန်းစစ်တပ် ပိုမို အားကောင်းလာသည့်အတွက် ယူကရိန်းတွင် စစ်မဲ့ရေး ရုရှားအစိုးရ၏ လုပ်ဆောင်ချက်မှာ ပြောင်းပြန်ရလဒ် ထွက်ပေါ်နေသည်ဟု ပြောခဲ့သည်။

Source:AP