CNI International News

ဘန်ကောက်၊ မေလ ၂၅

အိမ်စောင့်အစိုးရမှ အစိုးရသစ်ထံသို့ အဆင်ပြေ ချောမွေ့စွာ အာဏာလွဲပြောင်း ပေးနိုင်လိမ့်မည်ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-Cha) က မေလ ၂၃ ရက်တွင် အာမခံပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

တိုင်းပြည်သည် ရှေ့ဆက် သွားရမည်ဖြစ်ကြောင်း၊ အစိုးရသစ် ဖွဲ့စည်းရေးအား စောင့်ဆိုင်းနေစဉ်တွင် ပြည်သူများ အား စောင့်ရှောက်ရန် ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးပရာယွတ်က ပြောသည်။

ပြည်သူများ စိတ်ပျက်စေမည့် နိုင်ငံရေး အခြေအနေများကို ဖန်တီးခြင်းဖြင့် ပြည်သူများအကြား အထိတလန့် ဖြစ်အောင် လုပ်ဆောင်ခြင်းများကို ရှောင်ကျဉ်ကြရန်လည်း ဝန်ကြီးချုပ်က သက်ဆိုင်ရာ အဖွဲ့အစည်းများကို တိုက်တွန်းခဲ့သည်။

ပြဿနာများ ထပ်မံ မဖန်တီးရန် လိုကြောင်း၊ ၎င်းအနေဖြင့် မည်သည့်ဘက်နှင့်မှ ပြဿနာမရှိကြောင်း လက်ရှိ ဒီမိုကရေစီ လုပ်ငန်းစဉ်အား လေးစားမှုရှိကြောင်း ပရာယွတ်က ပြောသည်။

အိမ်စောင့်အစိုးရမှ အစိုးရအသစ်ထံသို့ အာဏာလွှဲပြောင်းရေးအတွင်း တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်သော လုပ်ဆောင်ချက်များကို ချမှတ် ဆောင်ရွက်သွားမည်ဟု ပရာယွတ်က ပြောသည်။

MFP ပါတီခေါင်းဆောင် လူထုနဲ့တွေ့ဆုံစဉ်

ထိုင်းနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုများနှင့် ပတ်သက်သည့် စိုးရိမ်မှုများကြောင့် ထိုင်းချေးငွေ စာချုပ်များ ကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများက အကြီးအကျယ် ရောင်းချခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း ယင်းတို့ကို ရပ်တန့်ရန် မဖြစ်နိုင်ဟု ဝန်ကြီးချုပ်က ပြန်ဖြေခဲ့သည်။

သို့သော် ထိုင်းနိုင်ငံသည် နိုင်ငံရေးအရ မတည်ငြိမ်မှုများ ရှိနေသည့်တိုင် ဘဏ္ဍာရေးအရ တည်ငြိမ်သည့် အခြေ အနေတွင် ရှိနေကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်လည်း ဆိုးရွားသော ပြဿနာများ ထပ်မံ မဖြစ် ပေါ် လာစေရေးအတွက် ပူးပေါင်းတားဆီးသွားရန် လိုအပ်ကြောင်း ပရာယွတ်က ပြောသည်။

မိမိ(ပရာယွတ်)၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ တိုင်းပြည် ငြိမ်းချမ်းရန်သာဖြစ်ပြီး အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် အစိုးရသစ် မတိုင်ခင်အထိ တာဝန်များကို အကောင်းဆုံး ထမ်းဆောင်သွားမည်ဟု ပရာယွတ်က ပြောသည်။

ဒုဝန်ကြီးချုပ် ပရာဝပ် ဝေါင်ဆူဝမ်ကို တွေ့ရစဉ်

နိုင်ငံရေး အနာဂတ်နှင့် ပတ်သက်၍ ဒုတိယဝန်ကြီးချုပ် ပရာဝပ် ဝေါင်ဆူဝမ်နှင့် ဆွေးနွေးဖြစ်သလားဟု မေးမြန်း ခဲ့ရာတွင်လည်း ၎င်းသည် လက်ရှိ အိမ်စောင့်အစိုးရအဖွဲ့၏ တာဝန်များ အကြောင်းမှလွဲ၍ ဝေါင်ဆူဝမ်နှင့် မည်သည့် ကိစ္စမှ မဆွေးနွေးဖြစ်ဟု ဖြေကြားခဲ့သည်။

အစိုးရအဖွဲ့သစ်အတွက် MFP ဦးဆောင်သော အစီအစဉ်များကို ထောက်ခံရေး လွှတ်တော်ကို ဖိအားပေးရန်နှင့် လူထု စုဝေးပွဲများ ကျင်းပရန် Move Forward Party(MFP)ပါတီအား ထောက်ခံသူများ၏ အွန်လိုင်း လှုံ့ဆော်မှု များနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များက လူထုစုဝေးပွဲများသည် တရားဥပဒေ အကန့်အသတ် အတွင်း ရှိနေစေရန် ဆောင်ရွက်သွားလိမ့်မည်ဟု ပရာယွတ်က ပြန်လည် ဖြေကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်