CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၅

အနိုင်ရပါတီ Move Forward Party (MFP) ခေါင်းဆောင်အနေဖြင့် အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ အား ၄၅၀ ဘတ်သို့ တိုးမြှင့်ရန် ဆောင်ရွက်နေမှုများအား မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုကြောင်း CNI သတင်းဌာနသို့ ပြောသည်။

Move Forward Party ပါတီ ခေါင်းဆောင် ပီတာသည် မေလ ၂၆ ရက်နေ့တွင် အနိမ့်ဆုံး လုပ်ခလစာအား ၄၅၀ ဘတ်သို့ တိုးမြှင့်ရန်ကိစ္စနှင့် ပတ်သက်၍ ကုန်သည်ကြီးများအသင်း၊ SME နှင့် အလုပ်သမားကောင်စီတို့ဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း Thai PBS သတင်းတွင် ရေးသားဖော်ပြထားသည်။

ထိုဆွေးနွေးမှုတွင် အနိမ့်ဆုံး လုပ်ခလစာ နှုန်းထားနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားလာနိုင်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလက်ရှိမှာလည်း ကျနော်တို့က ၃၅၀ လောက် ရနေရာကနေ ၄၅၀ လောက်အထိ တောင်းသလောက် တော့ ရချင်မှရမယ်။ ဘာလို့လဲဆိုတော့ အားလုံး လုပ်ငန်းရှင်တွေရော ဒီကုန်သည်ကြီးများ အသင်းတွေရော အား လုံး ညှိနှိုင်းပြီး ဆုံးဖြတ်ကြမယ်ဆိုရင်တော့ တက်တော့တက်လာနိုင်တယ်။ သို့သော် တောင်းသလောက်ကတော့ တော်ရုံလောက် လုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်သည်ကြီးများတွေကလည်း သူတို့ မပေးနိုင်ဘူး။ ဘာလို့ဆို သူတို့ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဘက်က လိုက်နိုင်စွမ်း မရှိဘူး။ သူတို့ရဲ့ အကျိုးအမြတ်အတွက် လည်း တအားကြီး လျော့ပါးသွားနိုင်မယ်ဆိုရင်တော့ သူတို့က ပေးမှာမဟုတ်ဘူး။ အတင်းအဓမ္မ မပေး မဖြစ်ပေးရ မယ် ဆိုပြီး အမိန့်တွေ ဘာတွေထုတ်ရင်လည်း ဆိုးကျိုးက ဘာတွေဖြစ်သွားနိုင်လဲဆိုတော့ လုပ်ငန်းရှင်တွေ ကိုယ် တိုင် အလုပ်ကို ဆက်မလုပ်ဘဲနဲ့ ရပ်တန့်သွားမယ်ဆိုရင် လုပ်သားတွေရဲ့ အလုပ်လက်မဲ့ လက္ခဏာ ပေါ်ပေါက်နိုင် တဲ့ အတွက်ကြောင့် ဒါကိုတော့ သူတို့ပညာရှင်အဆင့်တွေ အနေနဲ့ တိုးတော့ တိုးမြှင့်ပေးမယ်။ ထိုက်သင့်တဲ့ သဘောတူညီမှုတစ်ခု ရလာလိမ့်မယ်လို့တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

လက်ရှိတွင် ထိုင်းအစိုးရသစ် တစ်ရပ်အား မဖွဲ့စည်းရသေးသော်လည်း ယခုကဲ့သို့ အကြို ဆွေးနွေးမှုများ ဆောင် ရွက်ထားခြင်းသည် အစိုးရသစ်တစ်ရပ် ဖြစ်လာချိန်တွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်းလည်း မြန်မာရွှေ့ ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက သုံးသပ်သည်။

အနိုင်ရပါတီ Move Forward ပါတီ ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်ကာလများတွင် ဘုရင်စနစ်အား ပြုပြင်ပြောင်းလဲရန် ကြွေးကြော်ခဲ့သော်လည်း လက်ရှိတွင် ၎င်းနှင့် ညွန့်ပေါင်း မဟာမိတ်ပါတီ ၇ ပါတီတို့ သဘောတူညီချက် ရေးထိုးရာတွင် နိုင်ငံ၏ ဘုရင်စနစ်အား ဆက်လက် ထိန်းသိမ်းသွားရန် ကတိကဝတ် ပြုထားသည်။

ထိုအခြေအနေများကြောင့် မဲဆွယ်စည်းရုံးရေး ကာလများတွင် ကြွေးကြော်ခဲ့သည့် အချို့ မူဝါဒများသည် လက်တွေ့တွင် အကောင်အထည်ဖော်ရန် မလွယ်ကူသည့် အတွက်ကြောင့် ယခု အနိမ့်ဆုံး လုပ်ခလစာပိုင်းနှင့် ပတ်သက်၍ အခြေအနေအား စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

၎င်းက “အခုဟာက ညွန့်ပေါင်းအစိုးရအနေနဲ့ လုပ်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျန်တဲ့ ပါတီတွေကလည်း သူတို့မှာ သူတို့မူဝါဒ ရှိပြီးသားပဲ။ အဲဒီမှာ မူဝါဒတွေ ကိုက်ညီအောင်လို့ အားလုံးနဲ့ အဆင်ပြေတဲ့ လမ်းစဉ်ကို သူတို့က လုပ်ရမှာ။ ကျန်တဲ့ပါတီတွေမှာလည်း ချမှတ်ထားတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ အခြေခံ လုပ်အားခ အပါအဝင် အခြေခံအခွင့်အရေး အဲဒီကိစ္စတွကို သူတို့ တိုင်ပင်တဲ့ အခါကျရင် အားလုံး ဘုံအားဖြင့် သဘောတူတဲ့ဟာကို လုပ်မှပဲ ရမှာပါ။ အနည်းဆုံးကတော့ လုပ်ရတဲ့ ကာလ ဥပမာ ကြာကောင်းကြာမှာပေါ့။ ဥပမာ ၆ လ အတွင်း လုပ်ချင်မှ လုပ်နိုင်မယ်။ ရေတို ရေရှည်ပေါ့ သူတို့ရဲ့ စီမံကိန်းတွေပေါ် မူတည်ပြီး ဘယ်ဟာ ဦးစားပေး မလဲ။ အဲဒီအပေါ် မူတည်ပြီးတော့ သူတို့အနေနဲ့ ပြောထားတဲ့ဟာတွေ လမ်းစဉ်တွေကို အကောင် အထည် ဖော်မယ်လို့ ယူဆတာပဲ” ဟု ပြောသည်။

အိမ်စောင့်အစိုးရမှ အစိုးရသစ်ထံသို့ အဆင်ပြေ ချေမွေ့စွာ အာဏာလွဲပြောင်း ပေးနိုင်လိမ့်မည်ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မေလ ၂၃ ရက်တွင် အာမခံပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့အသစ်သည် လာမည့် သြဂုတ်လ ဒုတိယအပတ်တွင် နေရာတကျ ဖြစ်မည်ဟု ယူဆကြောင်း ယာယီအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်က မေလ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ သိရသည်။