CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၂

ပြည်တွင်း ထီစျေးကွက်တွင် ထိုင်းထီများကို တရားဝင် ရောင်းဝယ်ခွင့်ရှိနေသည့် ပုံစံမျိုးဖြင့် တွင်တွင် ကျယ်ကျယ် ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ထိုင်းထီရောင်းချမှုများမှာ တရားမဝင်သည့်အတွက် လောင်းကစားဥပဒေနှင့် ညှိစွန်းကာ အဖမ်း ခံရနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲတာကကျတော့ လောင်းကစား ဥပဒေနဲ့ပဲ သွားမှာပေါ့ ။ လောင်းကစား တစ်မျိုးပဲလေ။ မြန်မာ နိုင်ငံက တရားဝင် သတ်မှတ်ထားတဲ့ အောင်ဘာလေထီက လွဲလို့ ကျန်တဲ့အရာအားလုံးက လောင်း ကစား ဥပဒေနဲ့ အရေးယူခံရမှာပဲ။ ရောင်းချတယ်ဆိုရင်တော့ ဒိုင်ဥပဒေ ဒိုင်ပုဒ်မနဲ့ အ‌ရေးယူ ခံရမယ်။ ထိုးတဲ့ သူကလည်း ထိုးသားဥပဒေနဲ့ အရေးယူ ခံရမယ်။ တကယ်တန်း မြန်မာနိုင်ငံက ခွင့်ပြုထားတာ အောင်ဘာလေထီ တစ်မျိုးပဲ ရှိတာလေ။ အဲတာတွေက တရားဝင် မြန်မာပြည်မှာ ခွင့်ပြုထားတာ မဟုတ် တဲ့အတွက် လောင်းကစား ဥပဒေနဲ့ ညှိတယ်။ အဓိကကကျတော့ ရဲအရေးပိုင်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် ရဲကလည်း အချိန်မရွေး ဝင်ဖမ်းပိုင်ခွင့် ရှိတယ် “ ဟု ပြောသည်။

အောင်ဘာလေထီလက်မှတ် ဝယ်ယူနေကြစဉ်

ထိုင်းထီများကို မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ထီထိုးခြင်းများသည် လောင်းကစားဥပဒေနှင့် ညှိစွန်း မှု ရှိကြောင်း၊ ပြစ်မှုထင်ရှားပါက ရောင်းသူအတွက် လောင်းကစားဥပဒေပုဒ်မ ၁၈ ( က ) အရ ထိုသူကို တစ်နှစ်မှ သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သလို ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

တရားမဝင် ထီထိုးသားများကိုလည်း လောင်းကစားဥပဒေပုဒ်မ ၁၉ ( က ) အရ အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သလို ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းအထိ ငွေဒဏ် လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အချို့ ထိုင်းထီ ကိုယ်စားလှယ် ချပေးသည့် လက္ကားဆိုင်များသည် ထိုင်းနိုင်ငံအစိုးရမှ ထုတ်သော တရား ဝင်ထီ ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း တရားဝင်သည့် သဘောမျိုး သက်ရောက်အောင် ပြောကာ ရောင်းချ နေကြကြောင်း သိရသည်။

ပြည်တွင်းမှ ထိုင်းထီရောင်းသူ၊ ဝယ်သူ အများစု အနေဖြင့် တရားမဝင်မှန်း သိသော်လည်း တစ်လ နှစ်ကြိမ် ထွက်ရှိသည့် ထိုင်းထီကို ဝင်ငွေရလမ်း မျှော်လင့်ချက်တစ်ခုဖြင့် ကံစမ်းနေကြကြောင်း သိရသည်။

အောင်ဘာလေထီရုံးကိုတွေ့ရစဉ်

ကမာရွတ်မြို့နယ်နေ ရုံးဝန်ထမ်း တစ်ဦးဖြစ်သူ မသန်းသန်းစိုးက “ ထိုင်းထီရောင်းတာတော့ တရားမဝင် မှန်း သိပါတယ်။ ဒါပေမယ့်လည်း အချို့ ရုံးဝန်ထမ်းအနေနဲ့ သူတို့ လစာအပြင်ပေါ့ အပိုငွေရအောင် ရောင်းတာတော့ တွေ့ကြတယ်။ သူတို့အတွက်လည်း အလုပ်မပျက် ဘူးပေါ့။ နောက်တစ်ခုက သူတို့ ဒီလို မျိုးရောင်းရင် ကိုယ့်အကောင့်ပေါ် ကိုယ်တင်ပြီးတော့ ရောင်းတာက များတယ်။ သူတို့နိုင်သလောက်နဲ့ ပေါ့ အရင်းအနှီးလေးတွေ ရင်းပြီးတော့ ကိုယ်စားလှယ် လုပ်ကြတာ များမယ်ထင်ပါတယ်။ ပြီးတော့ ထိုင်း ထီက တရားမဝင်ဘူးလို့ ဘယ်လောက်ပဲပြောပြော ထိန်းချုပ်မှု နည်းပါတယ်။ ထိန်းချုပ်မှု နည်းတဲ့ အတွက် ထိုင်းထီက ကွယ်ပျောက်သွားဖို့တော့ မလွယ်ဘူးပေါ့။ ထိုင်းထီက ဘာပဲဖြစ်ဖြစ် သူတို့ပေးတဲ့ နှုန်းကလည်း မဆိုးဘူးလေ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ရောင်းချသော အောင်ဘာလေထီ တစ်စောင်လျှင် ကျပ် ၁၃၀၀ ဝန်းကျင် သာ ကျသင့်ပြီး ဆုငွေ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ နှင့် အနိမ့်ဆုံး ကျပ် ၅၀၀၀၀ အထိ ပေးထားသည်။

ထိုင်းထီမှာ တစ်စောင် ကျပ် ၈၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ရောင်းချနေကြပြီး ဆုငွေ အမြင့်ဆုံး ဘတ် ၆ သန်း ( မြန်မာကျပ်ငွေဖြင့် သိန်း ၂၄၀၀ ) ၊ အနိမ့်ဆုံး ဘတ် ၂၀၀၀ ( မြန်မာကျပ်ငွေဖြင့် ၈၀၀၀၀ ) ပေး ထားသည်ကို တွေ့ရသည်။